“မန်ယူမှာရှိတဲ့ လူတိုင်းက သူ့ကို ချစ်ကြတယ်” – မိုက်ကယ် ကာရစ်ကို နည်းပြအဖြစ် ခန့်အပ်ဖို့ မိုက်ကယ် အိုဝင် ထောက်ခံလိုက်ပါတယ်။ မိုက်ကယ် ကာရစ်ကို မန်ချက်စတာ ယူနိုက်တက်ရဲ့ အမြဲတမ်းနည်းပြအဖြစ် ခန့်သင့်၊ မခန့်သင့် လူတွေ သံသယဝင်နေကြတာကို သူ တကယ် မယုံနိုင်ဘူးလို့ အိုဝင်က ပြောပါတယ်။
ယူနိုက်တက်အတွက် ၄၆၄ ပွဲအထိ ကစားပေးခဲ့ဖူးတဲ့ ကွင်းလယ်လူဟောင်း ကာရစ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ရူဘင် အမော်ရင်ကို ရာထူးက ထုတ်ပယ်ပြီးနောက်ပိုင်း ယာယီနည်းပြချုပ်အဖြစ် ခန့်အပ်ခံခဲ့ရတာပါ။
အသက် ၄၄ နှစ်အရွယ် ကာရစ်ဟာ သူတာဝန်ယူခဲ့တဲ့ ၈ ပွဲမှာ ၆ ပွဲအထိ အနိုင်ရအောင် စွမ်းဆောင်ပေးထားပြီး အသင်းကိုလည်း ပရီးမီးယားလိဂ် အဆင့် ၆ ကနေ အဆင့် ၃ အထိရောက်အောင် ပို့ဆောင်ပေးထားပါတယ်။
၂၀၀၉ ကနေ ၂၀၁၂ အထိ အိုးလ်ထရက်ဖို့ဒ်မှာ ကာရစ်နဲ့အတူ တွဲကစားခဲ့ဖူးတဲ့ မန်ယူနဲ့ အင်္ဂလန် တိုက်စစ်မှူးဟောင်း အိုဝင်ကတော့ ကာရစ်ဟာ အသင်းဆီကို “တည်ငြိမ်မှုတွေ ပြန်ယူဆောင်လာပေးနိုင်တယ်” လို့ ယုံကြည်နေပါတယ်။
“သူ့ကို နည်းပြအဖြစ် ခန့်သင့်လားဆိုပြီး လူတွေ ဝေဖန်နေကြတာကို ကျွန်တော် မယုံနိုင်ဘူး” လို့ အိုဝင်က BBC ရဲ့ “The Wayne Rooney Show” ပေါ့တ်ကတ်စ်မှာ ပြောကြားခဲ့ပါတယ်။
“မန်ချက်စတာ ယူနိုက်တက်ဟာ ဆာအဲလက်စ် ဖာဂူဆန် နောက်ပိုင်း ၁၂ နှစ်လောက် စောင့်ခဲ့ရပါတယ်။ နာမည်ကြီး နည်းပြတွေ၊ ဂန္ထဝင်တွေ အစုံကို ခန့်ခဲ့ပြီးပါပြီ။ အခုမှ အသင်းက ကောင်းကောင်းကစားနိုင်ပြီး ရလဒ်တွေထွက်၊ ပရိသတ်တွေကလည်း အားပေးလာတဲ့အချိန်မှာ ရာသီကုန်လို့ သူ အဆင့် ၃ ရခဲ့ရင်တောင် ‘ကျေးဇူးပဲ၊ ဒါပေမဲ့ မင်းကို မခန့်တော့ဘူး’ လို့ ပြောမယ်ဆိုတာ ဖြစ်နိုင်ပါ့မလား” လို့ သူက ဆိုပါတယ်။
ကာရစ်ကို ချီးကျူးခဲ့ဖူးသလို ကာရစ်ရဲ့ လက်ထက်မှာ ဖာဂူဆန်ခေတ်ကလို ခံစားချက်မျိုး ပြန်ရနေပြီလို့ ပြောခဲ့ဖူးတဲ့ ရွန်နီကလည်း အိုဝင်ရဲ့ အမြင်ကို သဘောတူညီခဲ့ပါတယ်။
“မန်ချက်စတာ ယူနိုက်တက်မှာ ရှိတဲ့သူတိုင်းက မိုက်ကယ် ကာရစ်ကို ချစ်ကြပါတယ်။ သူတို့က အဆင်မပြေဖြစ်သွားမှာကိုပဲ ကြောက်နေကြတာပါ။ သူဟာ တကယ်ကို မယုံနိုင်စရာကောင်းအောင် လုပ်ပြထားနိုင်ပါတယ်” လို့ ရွန်နီက ပြောပါတယ်။
ကလပ်အသင်းဘက်ကတော့ နွေရာသီမှာ အမြဲတမ်းနည်းပြသစ်ခန့်ဖို့အတွက် ကာရစ်အပြင် တခြားသူတွေကိုလည်း ရှာဖွေနေတယ်လို့ သိရပါတယ်။ ရွန်နီနဲ့ အိုဝင်တို့ဟာ ပြီးခဲ့တဲ့နှစ်က “ဘယ်သူက ပိုတော်သလဲ” ဆိုတဲ့ အပြင်းအထန် ငြင်းခုံမှုတွေရဲ့ အလယ်ဗဟိုမှာ ရှိခဲ့သူတွေပါ။
အသက် ၁၇ နှစ်အရွယ်မှာ “သူနဲ့ ရွန်နီ ဘယ်သူပိုတော်လဲ” ဆိုတဲ့ မေးခွန်းကို အိုဝင်က သူ့ကိုယ်သူ ပိုတော်တယ်လို့ ဖြေခဲ့ရာကနေ စက်တင်ဘာလမှာ အဲ့ဒီစကားစစ်ထိုးပွဲ စတင်ခဲ့တာ ဖြစ်ပါတယ်။
အိုဝင်က ဒဏ်ရာတွေကြောင့် သူ့ရဲ့ ကစားသမားဘဝ အနှောင့်အယှက်ဖြစ်ခဲ့ရတယ်လို့ ပြောခဲ့ပြီး “ရွန်နီက ကျွန်တော့်ထက် ပိုတော်တဲ့ ကစားသမားအဖြစ် သတ်မှတ်ခံရမှာပါ။ ဒါပေမဲ့ ၁၇ နှစ်သား အရွယ်မှာတော့… စဉ်းစားကြည့်ပါဦး” လို့ ထပ်လောင်းပြောခဲ့ပါတယ်။
ဒါပေမဲ့ ၂၀ဝ၁ ဘလွန်းဒီအောဆုရှင် အိုဝင်ဟာ ရွန်နီရဲ့ ပေါ့တ်ကတ်စ်မှာတော့ အသက် ၁၈ နှစ်အရွယ်မှာ ဘယ်သူက ပိုတော်လဲဆိုတာကို ပိုပြီးလိမ္မာပါးနပ်စွာ ပြောဆိုသွားခဲ့ပါတယ်။
၁၉၉၈ ကမ္ဘာ့ဖလားမှာ အိုဝင် တောက်ပခဲ့ပြီး ၆ နှစ်အကြာ ယူရို ၂၀၀၄ မှာ “ဝါဇာ” လို့ လူသိများတဲ့ ရွန်နီ တစ်ယောက် အင်္ဂလန်ရဲ့ လူငယ်ကြယ်ပွင့်ဖြစ်လာခဲ့တဲ့ အချိန်တွေကို အိုဝင်က ပြန်ပြောင်းပြောပြခဲ့ပါတယ်။
“အင်္ဂလန်ရဲ့ နံပါတ်တစ် တိုက်စစ်မှူးဖြစ်ဖို့ ကျွန်တော်အကြာကြီး ကြိုးစားခဲ့ရပေမဲ့ သူပေါ်လာတဲ့အခါမှာတော့ ကျွန်တော်က ဘေးရောက်သွားသလိုမျိုး ခံစားခဲ့ရတယ်” လို့ အင်္ဂလန်အတွက် ၈၉ ပွဲ ကစားခဲ့တဲ့ အိုဝင်က ရွန်နီရဲ့ ၁၂၀ ပွဲနဲ့ နှိုင်းယှဉ်ပြီး ပြောခဲ့ပါတယ်။
ရွန်နီကလည်း သူ့ရဲ့ ဧည့်သည်ဖြစ်သူကို ပြန်လည်ချီးကျူးခဲ့ပါတယ်။ “၁၉၉၈ ကမ္ဘာ့ဖလားတုန်းက ကျွန်တော် မိုက်ကယ့်လိုမျိုး ဟန်ဆောင်ပြီး ကစားခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ သူ့နဲ့အတူ အသင်းမှာတွဲကစားခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကပဲ အိမ်နောက်ဖေးခြံထဲမှာ အဖွားရဲ့နံရံကို ဘောလုံးနဲ့ကန်ပြီး မိုက်ကယ် အိုဝင် ဖြစ်ချင်ယောင်ဆောင်ခဲ့တဲ့ ကျွန်တော်ဟာ ရုတ်တရက်ဆိုသလို သူ့ဘေးမှာ တွဲကစားနေရပြီလေ” လို့ ရွန်နီက ပြောပြသွားပါတယ်။
Source : https://www.bbc.com/




