ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှု စွဲချက် ၁၁၄ မှုအတွက် မန်စီးတီး ရင်ဆိုင်ရမဲ့ပြစ်ဒဏ် ရာသီမကုန်ခင် သိရမည်

မန်စီးတီး ဘဏ္ဍာရေး စည်းမျဉ်းချိုးဖောက်မှု

သတင်းတွေအရ မန်ချက်စတာစီးတီး အသင်းဟာ စွဲချက် ၁၁၄ မှုအတွက် ဘယ်လိုပြစ်ဒဏ်မျိုး ချမှတ်ခံရမလဲဆိုတာကို ဒီရာသီမကုန်ခင်မှာပဲ အဖြေသိရတော့မှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုနဲ့ပတ်သက်ပြီး စွဲချက် ၁၁၅ မှုထဲက ၁၁၄ မှုမှာ မန်စီးတီး အသင်းအပြစ်ရှိကြောင်း တွေ့ရှိထားတာပါ။

မန်စီးတီး ဘက်ကတော့ ဘာအမှားမှမလုပ်ခဲ့ဘူးလို့ ငြင်းဆိုထားပြီး အယူခံဝင်ထားပေမဲ့ စည်းမျဉ်းချိုးဖောက်မှုကြောင့် ဘယ်လောက်အထိပြင်းထန်တဲ့ ပြစ်ဒဏ်တွေကျလာနိုင်မလဲဆိုတဲ့အပေါ် ခန့်မှန်းချက်တွေ ထွက်ပေါ်နေပါတယ်။

ကျခံရနိုင်တဲ့ ပြစ်ဒဏ်တွေထဲမှာ ပရီးမီးယားလိဂ် ကနေ ထုတ်ပယ်ခံရတာ (ဒါမှမဟုတ်) တန်းဆင်းသွားနိုင်တဲ့အထိ ကြီးမားတဲ့ အမှတ်လျှော့ပြစ်ဒဏ်တွေ ပါဝင်နေပါတယ်။

ဒါကြောင့် ပရီးမီးယားလိဂ် ပြင်ပမှာ ဒါမှမဟုတ် ဥရောပပြိုင်ပွဲ မကစားရတဲ့အသင်းမှာ မကစားချင်ကြတဲ့ ကစားသမားတွေရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးတော့လည်း စိုးရိမ်မှုတွေထွက်ပေါ်လာနေပါတယ်။

အကယ်၍ အရင်ဆုံးဖြတ်ချက်ကိုပဲအတည်ပြုလိုက်ရင် မန်စီးတီး အနေနဲ့ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေနဲ့ ရင်ဆိုင်ရဖို့ ရှိနေပေမဲ့ ပြစ်ဒဏ်ကို ဘယ်အချိန်မှာ တရားဝင် ကြေညာမလဲဆိုတာကတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။

ဒါပေမဲ့ Football Insider ရဲ့ ဖော်ပြချက်အရ စွဲချက် ၁၁၄ မှုအတွက် ဖြစ်လာနိုင်တဲ့ပြစ်ဒဏ်တွေကို ဒီရာသီမကုန်ခင်မှာပဲ မန်စီးတီး ကို အသိပေးသွားမှာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ပြောထားပါတယ်။

အယူခံ မအောင်မြင်ခဲ့ရင်တော့ မန်စီးတီး အနေနဲ့ ကြီးမားတဲ့အမှတ်လျှော့ပြစ်ဒဏ်၊ ကာလရှည် ကစားသမားခေါ်ယူခွင့် ပိတ်ပင်ခံရတာ၊ ဒဏ်ငွေအမြောက်အမြား ပေးဆောင်ရတာနဲ့ ရရှိထားတဲ့ ချန်ပီယံဆုတွေ ရုပ်သိမ်းခံရတဲ့အထိ ပြစ်ဒဏ်တွေကျခံရနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

သတင်းထောက် ပီတာ အိုရော့ခ် (Pete O’Rourke) က “ဒီပြစ်ဒဏ်တွေကို ဘယ်အချိန်မှာ အတိအကျ ချမှတ်မလဲဆိုတာ ခန့်မှန်းရ ခက်ပါတယ်။ မန်စီးတီး ဘက်က အယူခံဝင်ထားတာတော့ သေချာပါတယ်။

ကျွန်တော်တို့အနေနဲ့ ဒီအယူခံရဲ့ရလဒ်ကို စောင့်ကြည့်ရမှာဖြစ်ပြီး အဲ့ဒီနောက်ပိုင်း သီးခြားခုံသမာဓိအဖွဲ့က အခြေအနေတွေကို ဆွေးနွေးပြီးရင်တော့ ဘာပြစ်ဒဏ်တွေ ဖြစ်လာနိုင်မလဲဆိုတာ ပိုပြီး ဆွေးနွေးနိုင်မှာပါ။

အချိန်ပိုင်းအရ မရေရာတာတွေရှိနေပြီး ရှုပ်ထွေးတဲ့အခြေအနေဖြစ်ပေမဲ့ အယူခံသာမအောင်မြင်ခဲ့ရင် ပြစ်ဒဏ်ကို ဒီရာသီမှာပဲ ဆုံးဖြတ်သွားမှာပါ။ ဒီလိုမှမဟုတ်ရင်တော့ ဒီရာသီက အဓိပ္ပာယ်မရှိသလို ဖြစ်သွားပါလိမ့်မယ်” လို့ ဖူဘောအင်ဆိုက်ဒါ ရဲ့ ပေါ့ဒ်ကတ်စ်မှာ ရှင်းပြခဲ့ပါတယ်။

မန်စီးတီး အနေနဲ့ အယူခံနိုင်ဖို့ ဘယ်လောက်အထိ အခွင့်အရေး ရှိနေမလဲဆိုတာကို နာမည်ကျော် အားကစားဥပဒေပညာရှင် ဂျိမ်းစ် ဆဲဗန်း (James Severn) ကတော့ မန်စီးတီး အယူခံနိုင်ခြေနဲ့ ပတ်သက်ပြီး သုံးသပ်ချက် ပေးခဲ့ပါတယ်။

ဆဲဗန်း က BBC Sport ကို “ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်အပေါ် အဓိကသက်ရောက်စေခဲ့တဲ့ ဥပဒေဆိုင်ရာ အမှား၊ မူဝါဒ ဒါမှမဟုတ် အချက်အလက်ဆိုင်ရာအမှားတွေနဲ့ ဆိုးရွားတဲ့လုပ်ထုံးလုပ်နည်း မမျှတမှုတွေကို မန်စီးတီး ဘက်က ထောက်ပြနိုင်ဖို့ လိုပါလိမ့်မယ်။

ဒါပေမဲ့ အယူခံဘုတ်အဖွဲ့မှာတော့ အယူခံကို လက်ခံတာ၊ ပယ်ချတာ၊ ဆုံးဖြတ်ချက်ကို ပြင်ဆင်တာ ဒါမှမဟုတ် သင့်တော်သလို အမိန့်ချမှတ်နိုင်တဲ့ ကျယ်ပြန့်တဲ့ လုပ်ပိုင်ခွင့်အာဏာ ရှိနေပါတယ်” လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး ဆဲဗန်း က “ဘဏ်ရှင်းတမ်းတွေ၊ အစိုးရမှတ်တမ်းတွေနဲ့ ငွေပေးချေမှုဆိုင်ရာ အထောက်အထားတွေဟာ အငြင်းပွားနေတဲ့ ငွေကြေးတွေက အသင်းပိုင်ရှင်တွေဆီက မဟုတ်ဘဲ အဘူဒါဘီ (Abu Dhabi) အစိုးရဆီက လာတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သက်သေပြနိုင်ရင်တော့ အားကောင်းတဲ့သက်သေတွေ ဖြစ်လာနိုင်ပါတယ်။

ဒါပေမဲ့ ဒီအထောက်အထားတွေကို ကော်မရှင်ရှေ့မှောက်မှာတင်ပြခဲ့ပြီးဖြစ်ပေမဲ့ အဲ့ဒီအစီအမံတွေဟာ လှည့်စားမှုတစ်ခုသာ ဖြစ်တယ်လို့ ကော်မရှင်ကကောက်ချက်ချခဲ့တာကြောင့် ဒီတွေ့ရှိချက် မှားယွင်းနေတယ်ဆိုတာကို သက်သေပြဖို့ မန်စီးတီး အတွက် အတော်လေး ခက်ခဲတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်။

အကယ်၍ ကော်မရှင်ဟာ အီးမေးလ်တွေကို အခြေခံကျကျ နားလည်မှုလွဲမှားခဲ့တာ၊ သင့်လျော်တဲ့ အကြောင်းအရာတွေကို ထည့်သွင်းမစဉ်းစားခဲ့တာ ဒါမှမဟုတ် တခြားမှတ်တမ်းတွေနဲ့ ကိုက်ညီမှုမရှိတဲ့ကောက်ချက်တွေ ချမှတ်ခဲ့တယ်ဆိုတာကိုသာ မန်စီးတီး က သက်သေပြနိုင်ရင် ဒါဟာ အဓိကကျတဲ့ အချက်အလက်ဆိုင်ရာ အမှားတစ်ခု ဖြစ်လာနိုင်ပါတယ်။

မန်စီးတီး ရဲ့ အခက်အခဲကတော့ ကော်မရှင်ဟာ အသိသက်သေတွေနဲ့ စာရွက်စာတမ်းဆိုင်ရာ အထောက်အထားများစွာကို ကြားနာစစ်ဆေးခဲ့ပြီးနောက်မှာမှ အသင်းပိုင်ရှင်ရဲ့ လျှို့ဝှက်ငွေကြေးထောက်ပံ့မှုနဲ့ လှည့်စားထားတဲ့ အစီအမံတွေ ဖြစ်တယ်ဆိုပြီး ပြင်းထန်တဲ့ တွေ့ရှိချက်တွေကို ဆုံးဖြတ်ခဲ့တာကြောင့် ဖြစ်ပါတယ်” လို့ သုံးသပ်သွားခဲ့ပါတယ်။

Source : https://www.football365.com/

Leave a Reply

Your email address will not be published. Required fields are marked *