အက်တီဟတ် ကွင်းမှာ ကစားခဲ့တဲ့ပွဲမှာ လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ ပီအက်စ်ဂျီ ရဲ့ အဆင့်အတန်းမြင့်တဲ့ ကစားပုံကြောင့် မန်ချက်စတာ စီးတီး တို့ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ရပါတယ်။
ပရီးမီးယားလိဂ် ဘဏ္ဍာရေးစည်းမျဉ်းတွေ ချိုးဖောက်မှုနဲ့ အပြစ်ရှိကြောင်းတွေ့ရှိခံရပြီးနောက်ပိုင်း ပထမဆုံး အိမ်ကွင်းပွဲစဉ်အဖြစ် မန်စီးတီး တို့ ကစားခဲ့ရတာဖြစ်ပြီး ကလပ်ဆီပြန်ရောက်လာတဲ့ နည်းပြဟောင်း ပက် ဂွါဒီယိုလာ ကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့ပါတယ်။
မန်စီးတီး ပရိသတ်တွေရဲ့ မကျေနပ်တဲ့လှုံ့ဆော်သံတွေကြားထဲမှာပဲ ပီအက်စ်ဂျီ ဟာ ပထမပိုင်းမှာတင် သုံးဂိုးပြတ် ဦးဆောင်ပြီး နည်းပြ အန်ဇို မာရက်စ်ကာ ရဲ့ အသင်းကို အံ့အားသင့်သွားစေခဲ့ပါတယ်။
ပွဲချိန် ၁၃ မိနစ်မှာ ဒေဇီရေး ဒူအေး က မန်စီးတီး ဂိုးသမား ဂျန်လုအီဂျီ ဒွန်နာရမ်မာ ကို ကျော်ဖြတ်ကာ အောက်ထောင့်ဆီ ကန်သွင်းပြီး အဖွင့်ဂိုးရယူပေးခဲ့သလို နှစ်မိနစ်အကြာမှာလည်း အပြစ်ဆိုဖွယ်မရှိ ဖြတ်တင်ပေးပို့မှုကနေ အူစမန် ဒမ်ဘီလီ က ခေါင်းတိုက်ပြီး ဒုတိယဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ပီအက်စ်ဂျီ ဟာ မန်စီးတီး ကို အပိုင်းပိုင်း အစိတ်စိတ်ချေမှုန်းပြခဲ့ပြီး ပွဲချိန် ၃၂ မိနစ်မှာတော့ မက်ဂ်နက်စ် အာကလီရှုစ် နဲ့ ဝါရန် ဇိုင်ရီ-အမ်မရီ တို့ရဲ့ တွဲလုံးကတစ်ဆင့် ဗီတင်ညာ က အပိုင်အဆုံးသတ်ပြီး တတိယဂိုး သွင်းယူခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ မာရက်စ်ကာ က ကစားသမားသုံးဦး အပြောင်းအလဲပြုလုပ်ခဲ့ပြီးနောက် မန်စီးတီး ပုံစံလုံးဝပြောင်းလဲလာခဲ့သလို အခွင့်အရေးတွေ အများကြီးဖန်တီးနိုင်ခဲ့ပြီး ဒုတိယပိုင်းစလို့ (၈) မိနစ်အကြာမှာ အီလီမန် အင်ဒိုင်ယာယီ ရဲ့ ဖြတ်တင်ဘောကနေ ဟာလန်း က ခေါင်းတိုက်ပုတ်သွင်းပြီး ချေပဂိုးတစ်ဂိုး ပြန်သွင်းခဲ့ပါတယ်။
ဒါပေမဲ့ ပွဲချိန် ၆၂ မိနစ်မှာ အာကလီရှုစ် ရဲ့ ကန်ချက်ကို ဒွန်နာရမ်မာ ကနဦး ကာကွယ်နိုင်ခဲ့ပေမဲ့ ဘောလုံးကသူ့နောက်ကနေ ဂိုးပေါက်ထဲ ပြန်ကျသွားခဲ့တာကြောင့် မန်စီးတီး ရဲ့ ချေပဂိုးမျှော်လင့်ချက်တွေ အဆုံးသတ်သွားခဲ့ရပါတယ်။
အဲ့ဒီနောက်မှာလည်း မန်စီးတီး တို့ လက်မလျှော့ဘဲ ဆက်တိုက်ကစားခဲ့ရာ ဟာလန်း က သူ့ရဲ့ ဒုတိယမြောက်ဂိုးကို သွင်းယူခဲ့သလို နောက်ထပ် အပိုင်ကန်ချက်တစ်ခုကိုတော့ ပီအက်စ်ဂျီ ဂိုးသမား မတ်ဗေ ဆာဖိုနော့ဗ် က အံ့ဩဖွယ်လက်စွမ်းနဲ့ ကာကွယ်သွားခဲ့ပါတယ်။ နောက်ဆုံး ဒရာမာအဖြစ် ပွဲပြီးခါနီးမှာ ဖာရန် တောရက်စ် ကန်သွင်းတဲ့ ပင်နယ်တီကို ဒွန်နာရမ်မာ ကာကွယ်သွားခဲ့ပါတယ်။
Source : https://www.bbc.com/




