ပရီးမီးယားလိဂ် ချန်ပီယံ အာဆင်နယ် အသင်းအနေနဲ့ ဝန်ထမ်း ၆၀ ဦးအထိ လျှော့ချသွားဖို့ရှိနေတာကြောင့် ဒီလိုဝန်ထမ်းလျှော့ချမှုဟာ အသင်းလိုချင်တဲ့ အောင်မြင်မှုတွေရအောင် ကူညီပေးနိုင်လိမ့်မယ်လို့ နည်းပြ မီခေးလ် အာတီတာ ဆီ အသိပေး ပြောကြားထားပါတယ်။
အမှုဆောင်အရာရှိချုပ် ရစ်ချတ် ဂါးလစ်ခ် က အမျိုးသားနဲ့ အမျိုးသမီးအသင်းတွေရဲ့ ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေအပေါ် သက်ရောက်မှုရှိမှာမဟုတ်ပေမဲ့ ဌာနအများအပြားမှာ ဝန်ထမ်းအင်အား လျှော့ချသွားမယ်ဆိုတာကို ဒီအပတ်ထဲမှာ ဝန်ထမ်းတွေကို အသိပေးခဲ့ပါတယ်။
ဒီလိုလျှော့ချမှုဟာ အသင်းရဲ့အမြဲတမ်းဝန်ထမ်း ၈၇၁ ဦးထဲက ၇ ရာခိုင်နှုန်းလောက်အထိ သက်ရောက်မှု ရှိသွားမှာပါ။ အာဆင်နယ် အသင်းကို ၂၀၀၄ နောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ဖလား ရယူပေးနိုင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့အပတ်ကပဲ အာတီတာ ဟာ တစ်ရာသီကို ပေါင် သန်း ၂၀ (ဒေါ်လာ ၂၇ သန်း) အထိရရှိမဲ့ လေးနှစ်သက်တမ်းရှိ စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၄-၂၅ ရာသီမှာ အာဆင်နယ် အသင်းရဲ့ ဝင်ငွေဟာ ပေါင် ၆၉၁ သန်း (ဒေါ်လာ ၉၂၀ သန်း) အထိ စံချိန်တင် ရရှိခဲ့ပါတယ်။
တနင်္ဂနွေနေ့မှာ ကစားမဲ့ နော်တင်ဟမ် ဖောရက်စ် နဲ့ ပွဲမတိုင်ခင် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ထမ်းလျှော့ချမဲ့ အခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းခံရချိန်မှာ အာတီတာ က
“ပထမဆုံးအနေနဲ့ ဒီမေးခွန်းက ကျွန်တော့်အတွက် မဟုတ်ပါဘူး။ အသင်းတိုးတက်ပြောင်းလဲလာစေဖို့ အမြဲတမ်းရည်ရွယ်ပြီး ကလပ်တစ်ခုလုံးမှာ လုပ်ဆောင်ခဲ့တဲ့ အစီအမံတွေနဲ့ သုံးသပ်ချက်တွေအကြောင်း ကျွန်တော့်ကို ရှင်းပြထားပါတယ်။ ကျွန်တော်တို့ ဖန်တီးချင်တဲ့ အောင်မြင်မှုတွေရရှိဖို့၊ ဆက်လက်ရင်းနှီးမြှုပ်နှံနိုင်ဖို့နဲ့ လူတွေကို သင့်တော်တဲ့နေရာတွေမှာ နေရာချထားဖို့အတွက် တချို့ဆုံးဖြတ်ချက်တွေကို ချမှတ်ရမှာဖြစ်ကြောင်း ရှင်းပြထားပါတယ်။ ဒါပေမဲ့ ကျွန်တော်က ဒီမေးခွန်းကိုဖြေဖို့ မှန်ကန်တဲ့သူ မဟုတ်တာတော့ သေချာပါတယ်။ ဒါကို အားလုံးက နားလည်ပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ ဖြေကြားသွားခဲ့ပါတယ်။ အသင်းဘက်က တောင်းဆိုထားတာကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး အာတီတာ က နောက်ထပ် မေးခွန်းတွေ လက်မခံခဲ့ပါဘူး။
အသက် ၄၄ နှစ်အရွယ် စပိန်လူမျိုး နည်းပြက ဝီလျံ ဆာလီဘာ ဓာတ်ပုံထဲ မပါဝင်ခဲ့တာကြောင့် အသင်းရဲ့ တရားဝင်လူစုံဓာတ်ပုံကို ပြန်လည်ရိုက်ကူးသွားမယ်လို့လည်း အတည်ပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက အသင်းလိဂ်ဖလားရယူရာမှာ အဓိကနေရာက ပါဝင်ခဲ့တဲ့ ပြင်သစ်လက်ရွေးစင် နောက်ခံလူဟာ ကြာသပတေးနေ့က ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံထဲမှာ မပါဝင်ခဲ့တာကြောင့် လူပြောများခဲ့ပါတယ်။ သူဟာ လက်ရှိမှာ ကျောဒဏ်ရာကြောင့် အနားယူနေရသလို ဆေးစစ်ချက်ယူရမှာဖြစ်တာကြောင့် ဓာတ်ပုံရိုက်ဖို့ မအားလပ်ခဲ့တာလို့ အာဆင်နယ် ဘက်က ရှင်းပြခဲ့ပါတယ်။
“ကျွန်တော်တို့ ဒီဓာတ်ပုံကို သုံးကြိမ်တောင် ရိုက်ဖို့ကြိုးစားခဲ့ပြီးပါပြီ။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် နောက်ဆုံးမိနစ်ကျမှ ဖျက်ပစ်ခဲ့ရပါတယ်။ ကျွန်တော်တို့မှာ စီးပွားရေးဆိုင်ရာ တာဝန်ယူမှုတွေရှိနေသလို ဒီအတွက်ကြောင့် လေယာဉ်စီးပြီးလာကြတဲ့သူတွေလည်းရှိတာကြောင့် အနည်းဆုံးတော့ ဒီပုံကို အရင်ရိုက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ကျွန်တော်တို့ တစ်မိသားစုလုံး စုံစုံလင်လင်နဲ့ နောက်ထပ်ပုံတစ်ပုံ ထပ်ရိုက်သွားမှာပါ။ တစ်ချိန်ချိန်မှာ အားလုံးကို ပြန်စုစည်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။ သူ [ဆာလီဘာ] ဟာ ဘယ်လောက်တောင် ချစ်ခင်ခံရလဲဆိုတာ သူကိုယ်တိုင်သိပြီးသားမို့လို့ ဒီအပေါ်မှာ သူလည်း လုံးဝအဆင်ပြေပါတယ်” လို့ သောကြာနေ့မှာ အာတီတာ က ရှင်းပြခဲ့ပါတယ်။
ဆာလီဘာ ဟာ ကမ္ဘာ့ဖလားအပြီးကတည်းက ပွဲမကစားရသေးပေမဲ့ လာမဲ့လ နိုင်ငံတကာရက်သတ္တပတ် မတိုင်ခင်မှာတော့ ပြန်ကစားနိုင်မဲ့အခွင့်အရေး အနည်းငယ် ရှိနေပါတယ်။ လွန်ခဲ့တဲ့ အပတ်က အမ်းမရိတ်စ်ကွင်းမှာ ကစားခဲ့တဲ့ လိဒ်စ် နဲ့ပွဲအပြီး လေ့ကျင့်ရေးဆင်းချိန် ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ပေမဲ့ မာတင် ဇူဘီမန်ဒီ ကတော့ ဖောရက်စ် နဲ့ပွဲမှာ ပါဝင်ကစားနိုင်ဖို့ အခြေအနေ ရှိနေပါတယ်။ ပွဲအပြီးလေ့ကျင့်ရေးမှာပဲ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တဲ့ ပီယာရို ဟင်ကာပီယဲ ကတော့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။
Source : https://www.espn.com.sg/




