ဧပြီလဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆုံးဖြတ်ပေးသွားမလား – ဂွါဒီယိုလာနဲ့ အာတီတာတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှု

မန်စီးတီးနှင့် အာဆင်နယ် ချန်ပီယံလုပွဲ

ဂွါဒီယိုလာအတွက် အကောင်းဆုံးဖြစ်ပြီး အာတီတာအတွက် အဆိုးဆုံးဖြစ်ခဲ့တဲ့ ဧပြီလက ချန်ပီယံဆုကို ဆုံးဖြတ်ပေးသွားမလား။ ပရီးမီးယားလိဂ်ရာသီက အဆုံးသတ်ပိုင်းကို ရောက်လာတာနဲ့အမျှ ဧပြီလဟာ ဇယားထိပ်က အာဆင်နယ်နဲ့ ဒုတိယနေရာက မန်စီးတီးတို့အတွက် အရေးပါတဲ့လ ဖြစ်လာပါတယ်။

မီခေးလ် အာတီတာရဲ့ အာဆင်နယ်အသင်းဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် လိဂ်ချန်ပီယံဆုရဖို့ ရည်မှန်းထားပါတယ်။ လက်ရှိမှာ ၉ မှတ်အသာနဲ့ ပွဲစဉ် ၇ ပွဲပဲ ကျန်တော့တာကြောင့် သူတို့ရဲ့ ကံကြမ္မာကို သူတို့ကိုယ်တိုင် ဖန်တီးခွင့် ရနေတာပါ။ ဒါပေမဲ့ ဒုတိယနေရာက မန်စီးတီးကတော့ အနားမပေးဘဲ ဖိအားပေးဖို့ ပြင်ဆင်နေပြီး သူတို့မှာ လက်ကျန်တစ်ပွဲပိုရှိသလို ဒီလိုအဆုံးအဖြတ်ကာလမျိုးမှာ အောင်မြင်အောင် လုပ်ပြနိုင်တဲ့ အတွေ့အကြုံလည်း ရှိပါတယ်။

လာမဲ့ ဧပြီ ၁၉ ရက်၊ တနင်္ဂနွေနေ့မှာ အက်တီဟတ်ကွင်းမှာ အာဆင်နယ်ကို လက်ခံကစားရမှာဖြစ်လို့ ဂွါဒီယိုလာရဲ့အသင်းက ဖိအားတွေကို ထပ်တိုးပေးနိုင်ပါတယ်။ သမိုင်းကြောင်းအရ ကြည့်ရင်လည်း ဧပြီလဟာ မန်စီးတီးအတွက် အလားအလာအကောင်းဆုံးလဖြစ်ပြီး အာဆင်နယ်အတွက်တော့ အခက်ခဲဆုံးလ ဖြစ်နေပါတယ်။

“ကျွန်တော်တို့ အမှတ်တွေ အများကြီးလိုပါတယ်” လို့ ဂွါဒီယိုလာက ဆိုပါတယ်။ “ဒီရာသီမှာ ကျွန်တော်တို့ ခြေစွမ်းမမှန်ခဲ့တာတွေ ရှိသလို ရသင့်တဲ့အမှတ်တွေ ဆုံးရှုံးခဲ့လို့ အခုတော့ ပွဲတိုင်းကိုအနိုင်ကစားဖို့ပဲ လိုပါတော့တယ်” လို့ သူက ပြောပါတယ်။ အာတီတာကတော့ ၂၀၁၉ ခုနှစ်မှာ အသင်းကို စတင်တာဝန်ယူပြီးကတည်းက FA ဖလားနဲ့ ကွန်မြူနတီရှီးလ်ပဲ ရထားတာကြောင့် မေလမှာ ချန်ပီယံဖြစ်ဖို့ အရမ်းကို လိုလားနေပါတယ်။

စနေနေ့မှာ အာဆင်နယ်က ဘုန်းမောက်နဲ့ ကစားရမှာဖြစ်ပြီး မန်စီးတီးကတော့ တနင်္ဂနွေနေ့မှာ ချယ်လ်ဆီးနဲ့ ခက်ခဲတဲ့ပွဲကို ရင်ဆိုင်ရမှာပါ။ “ချန်ပီယံဆုနဲ့ နီးလာလေလေ ပွဲစဉ်တွေက ပိုအရေးကြီးလာလေလေပါပဲ” လို့ ပြီးခဲ့တဲ့ ၃ ရာသီဆက် ဒုတိယနဲ့ ကျေနပ်ခဲ့ရတဲ့ အာတီတာက ဝန်ခံခဲ့ပါတယ်။

စာရင်းဇယားတွေအရ ဂွါဒီယိုလာလက်ထက်မှာ ဧပြီလအတွင်း ကစားခဲ့တဲ့ ၃၈ ပွဲမှာ မန်စီးတီးက ၃၀ ပွဲအထိ နိုင်ထားပြီး ၅ ပွဲသရေ၊ ၃ ပွဲပဲ ရှုံးပါသေးတယ်။ သူတို့ဟာ ဒီလိုအချိန်မျိုးမှာ ပြိုင်ဘက်တွေကို ဖိကစားလေ့ရှိပြီး ပျမ်းမျှတစ်ပွဲကို ၂.၇ ဂိုးအထိ သွင်းယူထားတာပါ။ တစ်ဖက်မှာလည်း အာဆင်နယ်ဟာ အာတီတာလက်ထက် ဧပြီလအတွင်း ၇ ပွဲအထိ ရှုံးခဲ့ဖူးပါတယ်။ အထူးသဖြင့် ၂၀၂၃ ခုနှစ်က မန်စီးတီးကို ၄-၁ နဲ့ ရှုံးခဲ့တာနဲ့ ၂၀၂၄ ခုနှစ်က ဗီလာကို ရှုံးခဲ့တဲ့ပွဲတွေဟာ သူတို့ရဲ့ ချန်ပီယံမျှော်လင့်ချက်ကို အကြီးအကျယ် ထိခိုက်စေခဲ့ပါတယ်။

လာမဲ့ တနင်္ဂနွေနေ့ ထိပ်တိုက်တွေ့ဆုံမှုက ဒီရာသီရဲ့ အဆုံးအဖြတ် ဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ ဧပြီလအတွင်း နည်းပြနှစ်ယောက်လုံးရဲ့ မှတ်တမ်းတွေအရ ချန်ပီယံလုပွဲက ပြီးဆုံးသွားပြီလို့ ယူဆလို့ မရသေးပါဘူး။

Source : https://www.bbc.com/

Leave a Reply

Your email address will not be published. Required fields are marked *