အာဆင်နယ်အသင်းအတွက် အခုအချိန်က အရမ်းကို အရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်။ ၂၂ နှစ်အတွင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ ၇ ပွဲပဲ လိုတော့သလို၊ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ဖို့လည်း နီးစပ်နေပါပြီ။ နည်းပြ မီခေးလ် အာတီတာ ကတော့ သူအမြဲပြောလေ့ရှိတဲ့ “လုပ်ငန်းစဉ်ကို ယုံကြည်ပါ” ဆိုတဲ့အတိုင်း အသင်းကို အကောင်းဆုံး လမ်းကြောင်းပေါ် တင်ပေးထားပါတယ်။
ဒီရာသီမှာ ဘယ်လိုရလဒ်မျိုးပဲ ထွက်ပေါ်လာပါစေ၊ နွေရာသီဟာ အသင်းကို နောက်တစ်ဆင့်တက်လှမ်းနိုင်ဖို့ အခွင့်အရေးတစ်ခုလို့ ရှုမြင်ထားကြပါတယ်။ လက်ရှိမှာ အရေးကြီးဆုံးကတော့ လာမဲ့ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမဲ့ အာတီတာ ကို စာချုပ်သစ်ချုပ်ဆိုဖို့ပဲ ဖြစ်ပါတယ်။ အသင်းပိုင်ရှင်တွေနဲ့ အာတီတာ ကြား ဆွေးနွေးမှုတွေက အပြုသဘောဆောင်နေပြီး ရာသီပိတ်ချိန်မှာ ဆွေးနွေးမှုတွေ ပြန်စတင်ဖို့ ရှိနေပါတယ်။ အာတီတာဟာ လက်ရှိမှာ ပက် ဂွါဒီယိုလာ နဲ့ ဒီယေဂို ဆီမြွန်နီ တို့ပြီးရင် ဥရောပမှာ လစာအများဆုံး နည်းပြတစ်ဦးလည်း ဖြစ်ပါတယ်။
နွေရာသီမှာ ကစားသမားသစ် ၃ ယောက်လောက်ခေါ်ယူဖို့ အသင်းကစီစဉ်နေပြီး ဒါဟာပြီးခဲ့တဲ့နှစ်က ပေါင်သန်း ၂၅၀ အသုံးပြုခဲ့မှုကြောင့် ဘဏ္ဍာရေး စည်းမျဉ်းတွေနဲ့ ညီညွတ်အောင် ပြန်လည်ထိန်းညှိဖို့ လိုအပ်နေပါတယ်။ ဒါကြောင့် အကယ်ဒမီထွက် လူငယ်ကစားသမားတွေဖြစ်တဲ့ မိုင်လ်စ် လူးဝစ်-စကယ်လ်လီနဲ့ အီသန် နဝါနီရီတို့ကို ရောင်းထုတ်ဖို့ စဉ်းစားနေတာပါ။
သူတို့ကို ရောင်းချခြင်းက အသင်းအတွက် “အသားတင်အမြတ်” အဖြစ် စာရင်းသွင်းနိုင်လို့ ဖြစ်ပါတယ်။ ဒါ့အပြင် ဂါဘရီယယ် ဂျေဇူး၊ ဘင်ဝှိုက်နဲ့ မာတင်နယ်လီတို့ကိုလည်း ကမ်းလှမ်းမှုရှိရင် ရောင်းချသွားဖို့ ရှိနေပါတယ်။ အသင်းခေါင်းဆောင် အိုဒီဂတ် ကိုတော့ အာတီတာက ဆက်ထိန်းထားဖို့ ဆုံးဖြတ်ထားပါတယ်။
အာဆင်နယ်ဟာ နယူးကာဆယ် အသင်းက လစ်ဗရာမန်တို၊ ဆန်ဒရို တိုနယ်လီနဲ့ အန်သိုနီ ဂေါ်ဒွန်တို့ကို စိတ်ဝင်စားနေပါတယ်။ တိုက်စစ်ပိုင်းအတွက် ဟူလီယန် အယ်လ်ဗာရက်ဇ်ကို မျက်စိကျနေပေမဲ့ ကိုင် ဟာဗက်ဇ် ဒါမှမဟုတ် ဗစ်တာ ယောကရက်စ် တို့ထဲက တစ်ယောက်ယောက် ထွက်ခွာမှသာ ဖြစ်နိုင်ခြေရှိပါတယ်။ ဒါ့အပြင် အငှားနဲ့ ခေါ်ထားတဲ့ ပီယာရို ဟင်ကာပီယေကိုလည်း ပေါင် ၄၅ သန်းနဲ့ အပြီးသတ် ဝယ်ယူသွားဖို့ ရှိနေပါတယ်။
Source : https://www.bbc.com/




