ပက် ဂွါဒီယိုလာ က မန်ချက်စတာစီးတီး အသင်း ဘရန့်ဖို့ဒ် ကို ၃-၀ နဲ့ အနိုင်ရပြီး ဖိအားပေးနိုင်ခဲ့ပြီးနောက် တနင်္ဂနွေနေ့မှာ ကစားမဲ့ ဝက်စ်ဟမ်း အသင်းကို အာဆင်နယ် ရဲ့ ချန်ပီယံလမ်းကြောင်းကို ဟန့်တားပေးဖို့ တိုက်တွန်းလိုက်ပါတယ်။
ဂျေရမီ ဒိုကူ၊ ဟာလန်း နဲ့ အိုမာ မာမောက်ရှ် တို့ရဲ့ ဂိုးတွေနဲ့ မန်စီးတီး အနိုင်ရခဲ့ပြီးနောက် ဂွါဒီယိုလာ က ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဝက်စ်ဟမ်း ရဲ့ အမှတ်အသားဖြစ်တဲ့ လက်နှစ်ဖက်ကို ကြက်ခြေခတ်ပုံစံလုပ်ပြခဲ့ပြီး အာဆင်နယ် နဲ့ ရင်ဆိုင်ရမဲ့ လန်ဒန်စတေဒီယမ် ပွဲစဉ်အတွက် “Come on you Irons” လို့ အားပေးစကား ပြောကြားခဲ့ပါတယ်။
ဥရောပဝင်ခွင့် မျှော်လင့်ချက်ရှိနေတဲ့ ဘရန့်ဖို့ဒ် အသင်းကို မန်စီးတီး တို့ အစပိုင်းမှာ ရုန်းကန်ခဲ့ရပေမဲ့ ခြေစွမ်းပြနေတဲ့ ဒိုကူ က ပွဲချိန် မိနစ် ၆၀ မှာ အဖွင့်ဂိုးကို လှလှပပ သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဟာလန်း က ဒုတိယဂိုး သွင်းယူခဲ့သလို ပွဲပြီးခါနီးမှာလည်း မာမောက်ရှ် အတွက် တတိယဂိုးကို ဖန်တီးပေးခဲ့တာကြောင့် မန်စီးတီး တို့ အရှိန်တက်လာခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် မန်စီးတီး ဟာ အာဆင်နယ် နဲ့ ၂ မှတ်အကွာကို ရောက်ရှိလာပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က အဲဗာတန် နဲ့ ၃-၃ သရေကျခဲ့တာကြောင့် ချန်ပီယံဆုက ကိုယ့်လက်ထဲမှာ မရှိတော့ဘူးဆိုပေမဲ့ ဂွါဒီယိုလာ ကတော့ အခုလို ချန်ပီယံလုပွဲရဲ့ ရင်ခုန်သံနဲ့ ဆုဖလား ၃ လုံးမျှော်လင့်ချက်ကို သဘောကျနေပါတယ်။ ပြီးခဲ့တဲ့ ရာသီက လီဗာပူး ရဲ့ အနောက် ၁၃ မှတ်အကွာမှာ ရာသီသိမ်းခဲ့ရတာကိုလည်း သူက ပြန်ပြောင်းသတိရနေပါတယ်။
“ဒီလို အနေအထားကို ပြန်ရောက်လာတာကို ကျွန်တော် သဘောကျပါတယ်။ အနည်းဆုံးတော့ ဒီရာသီမှာ ဒုတိယနေရာ ရမှာမို့လို့ ကျေနပ်မိတယ်။ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်ခဲ့ရတာက တကယ့်ကို ခက်ခဲခဲ့ပြီး ကျွန်တော် မပျော်ခဲ့ပါဘူး” လို့ သူက ပြောပါတယ်။
“ဒါပေမဲ့ အခုတော့ ကာရာဘောင်းဖလား က ကျွန်တော်တို့လက်ထဲမှာ ရှိနေပြီဖြစ်သလို ဝမ်ဘလေ က အက်ဖ်အေဖလား ဗိုလ်လုပွဲကလည်း ရာသီရဲ့အလှပဆုံးနေ့ ဖြစ်လာမှာပါ” လို့ ဆိုပါတယ်။ အဲဗာတန် နဲ့ ပွဲမှာ ၂ ဂိုးသွင်းခဲ့တဲ့ ဒိုကူ ကတော့ မန်စီးတီး ရဲ့ အဓိက ကစားသမားဖြစ်နေပါတယ်။ သူဟာ ဘရန့်ဖို့ဒ် နောက်ခံလူ မိုက်ကယ် ကာယိုဒီ ကို ဒုက္ခပေးနိုင်ခဲ့သလို သူ့ရဲ့အဖွင့်ဂိုးက ပွဲကိုအလှည့်အပြောင်း ဖြစ်စေခဲ့ပါတယ်။
“ဒီရာသီမှာ သူက ပိုကောင်းအောင် ကြိုးစားခဲ့ပြီး အခုလို ယုံကြည်မှုရှိလာတာက သူ့ရဲ့ ကြိုးစားမှုကြောင့်ပါပဲ။ အသင်းကောင်းတွေမှာ ဟာလန်း တစ်ယောက်တည်းမဟုတ်ဘဲ တိုက်စစ်ကွင်းလယ်နဲ့ တောင်ပံကစားသမားတွေကလည်း ပွဲကိုအနိုင်ရအောင် ဖန်တီးပေးဖို့ လိုအပ်ပါတယ်” လို့ ဂွါဒီယိုလာ က ချီးကျူးခဲ့ပါတယ်။
Source : https://www.standard.co.uk/




