မန်စီးတီးအသင်းဟာ သူ့ရဲ့အသွေးအသားထဲအထိ ရှိနေတယ်လို့ ဆိုလိုက်တဲ့ ပက်ဂွါဒီယိုလာ

မန်စီးတီးအသင်းဟာ သူ့ရဲ့အသွေးအသားထဲအထိ ရှိနေတယ်လို့ ဆိုလိုက်တဲ့ ပက်ဂွါဒီယိုလာ

မန်စီးတီးအသင်းဟာ ဘဏ္ဍာရေးအမှုပေါင်း ၁၁၅-မှုနဲ့ တရားစွဲဆိုခံနေရချိန်မှာ ဂွါဒီယိုလာရဲ့ အသင်းနဲ့စာချုပ်ဟာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဒီအချိန်မှာပဲ မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက အသင်းအပေါ်ထားရှိတဲ့ သူ့ရဲ့ စိတ်နှစ်ထားမှုကို ပြန်လည် ပြောဆိုလာခဲ့ပါတယ်။

ဂွါဒီယိုလာနဲ့ မန်စီးတီးအသင်းတို့ရဲ့ စာချုပ်ဟာ ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် ဂွါဒီယိုလာရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ မျှော်လင့်ခန့်မှန်းချက်တွေ ထွက်ပေါ်လာနေပါတယ်။ အထူးသဖြင့် မန်စီးတီးအသင်းဟာ ဘဏ္ဍာရေးအရ မျှတစွာကစားမှု(FFP) စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်မှုနဲ့ ပတ်သတ်လို့ ပရီးမီးယားလိဂ်ရဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခံနေရချိန်မှာ ဂွါဒီယိုလာရဲ့စာချုပ်နဲ့ ပတ်သတ်လို့ အားလုံးက သိချင်နေကြတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ အသင်းဟာ အမှုပေါင်း(၁၁၅)မှုနဲ့ ရင်ဆိုင်နေရပြီး ဒီအမှုတွေကို အမှီခိုကင်းမဲ့တဲ့ ခုံရုံးတစ်ခုကနေ ကြားနာနေတာလည်း ဖြစ်ပါတယ်။ အပြီးသတ် အမိန့်ချမှတ်မှုကိုတော့ နောက်နှစ်လောက်မှာ တွေ့မြင်ရဖွယ်ရှိပါတယ်။ အကယ်၍ ဒီအမှုတွေ အားလုံးမှာသာ အပြစ်ရှိကြောင်း ထင်ရှားခဲ့ရင် မန်စီးတီးအသင်းအနေနဲ့ ပြင်းထန်ထင်ရှားတဲ့ ပြစ်ဒဏ်ချမှတ်မှုတွေကို ကျခံရနိုင်ပါတယ်။ ဒါပေမဲ့လည်း မန်စီးတီးတို့ဟာ ယခုအချိန်အထိတော့ ပြစ်မှုကင်းစင်နေသေးပါတယ်။ အသင်းဟာ အခုလို တရားရေးရင်ဆိုင်ရမှုတွေ ရှိနေခဲ့ပေမဲ့ ဂွါဒီယိုလာကတော့ အသင်းအပေါ်ထားရှိတဲ့ သူ့ရဲ့သစ္စာစောင့်သိမှုကို တည်မြဲစွာ ပြောဆိုဖော်ပြလာခဲ့တာလည်း ဖြစ်ပါတယ်။

Manchester Evening  News ရဲ့ သတင်းတွေအရ မန်စီးတီးပရိတ်သတ်တွေကတော့ လှုပ်ရှားမှုတွေ စတင်လုပ်ဆောင် နေကြပြီလို့ သိရပါတယ်။ သူတို့ဟာ သူတို့ချစ်ခင်ကြတဲ့ နည်းပြကိုသာ အသင်းမှာထားရှိနိုင်ဖို့အတွက် မန်စီးတီးအသင်းထံ တောင်းဆိုရန်အတွက် ရန်ပုံငွေ ပေါင် ၁၀၀၀ အထိအသုံးပြုပြီး အသင်းကို စာချုပ်အသစ်ချုပ်ဆိုပေးဖို့အတွက် တိုက်တွန်းမဲ့ ဘန်နာစာတန်းတွေကို ပြုလုပ်နေကြပြီလို့ ဆိုပါတယ်။ ဒီစာတန်းထဲမှာ “ပက်ဂွါဒီယိုလာ၊ ခင်ဗျားကို ကျွန်တော်တို့က ဆက်ရှိနေစေချင်တယ်” ဆိုတဲ့ စာတန်းတွေပါဝင်ပြီး မကြာခင်ပွဲစဉ်တွေမှာ မြင်တွေ့ရနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ဂွါဒီယိုလာကတော့ “ကျွန်တော်ဒီကို စ‌ရောက်ရောက်ချင်းနေ့ကတည်းက သူတို့နဲ့ ချစ်ကျွမ်းဝင်မိခဲ့တာပါ။ ဆက်ဖြစ်လာမှာတွေကတော့ ဖြစ်လာမှာပါပဲလေ။ ကျွန်တော်က ဒီအသင်းရဲ့ တစ်စိတ်တစ်ပိုင်းပါ။ ဒီအသင်းက ကျွန်တော့်အရိုးထဲအထိ စွဲမြဲတည်ရှိနေခဲ့ပါပြီ”  လို့ ပြောကြားရင်း သူနဲ့ အသင်းနဲ့ပရိတ်သတ်တွေအကြားက ဆက်နွယ်မှုကို မီဒီယာတွေထံမှာ ပြောကြားခဲ့ပါတယ်။

ဂွါဒီယိုလာက မန်စီးတီးအသင်းရဲ့ ဦးဆောင်နိုင်မှုအပေါ် အပြည့်အဝယုံကြည်ကြောင်း တိတိလင်းလင်း ပြောကြားခဲ့ပြီး သူ့အနေနဲ့ အသင်းရဲ့ ဘဏ္ဍာရေးစီမံမှုတွေအပေါ် စစ်ဆေးမှုတွေ ဆက်လက်ရှိနေဦးမယ်ဆိုရင်တောင် အသင်းအပေါ် သစ္စာစောင့်သိနေမယ့်အကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။

“ကျွန်တော် ပိုင်ရှင်တွေကို ယုံကြည်ပါတယ်။ အထူးသဖြင့် ဥက္ကဋ္ဌကြီး၊ စီအီးအိုတွေနဲ့ ဒီမှာ နှစ်ပေါင်းများစွာတိုင်အောင် အလုပ်လုပ်ခဲ့တဲ့သူတွေ အပေါ်မှာပေါ့။” လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။ 

“ကျွန်တော် ခင်ဗျားတို့ အားလုံးထက်ပိုပြီး သူတို့ကိုကောင်းကောင်း သိပါတယ်။ ဒီပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေ အကုန်လုံးအတွက် အကောင်းဆုံးကာကွယ်နိုင်တဲ့ နည်းလမ်းကတော့ ကျွန်တော်တို့အလုပ်ကို ကျွန်တော်တို့ အကောင်းဆုံးလုပ်တာပါပဲ။ ဒီမှာ လုပ်နေတဲ့ သူတွေအကုန်လုံးမှာ ကိုယ်စီတာဝန်ယူမှု၊ တာဝန်ခံမှတွေ ရှိကြပါတယ်။ ကျွန်တော်ရဲ့ တာဝန်ကတော့ ကစားသမားတွေရဲ့ လက်ကိုဆုပ်ကိုင်ထားပြီး ကစားပွဲတွေကို အတူတကွ အနိုင်ယူနိုင်ဖို့ပါ။

ကျန်တဲ့သူတွေ အတွက်ကတော့ ဒီရှစ်နှစ် ကိုးနှစ်အတွင်းမှာ အခြေနေတွေ အမျိုးမျိုးရှိခဲ့ပါတယ်။  တချို့အခြေအနေတွေက မျှော်လင့်ပြီးထားပေမဲ့ တချို့အရာတွေကျတော့ ရင်ဆိုင်ဖို့ခက်ခဲနိုင်ပါတယ်။ ဘာမှ စောဒက တက်မနေပဲနဲ့ ကိုယ်လုပ်စရာရှိတာကို အကောင်းဆုံးလုပ်ဆောင်ပါ။ သေချာပေါက် ကျွန်တော်ဟာလည်း ဒီအသင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကျွန်တော် ဒီကလပ်ကို အခုချစ်သလို နောက်လဲ အမြဲဒီအတိုင်းဖြစ်နေဦးမှာပါပဲ။

သူတို့ကျွန်တော်ကို ပထမနေ့ကတည်းက ဆက်ဆံခဲ့တဲ့ပုံအတိုင်း မပြောင်းလဲခဲ့ပါဘူး။ ကျွန်တော်က တစုံတခုပဲ ပေးခဲ့ပေမဲ့ သူတို့ဘက်က အများကြီးပြန်ပေးတယ်ဆိုတာကြီးက မဖြစ်နိုင်သလောက်ပါပဲ။ ကျန်တာကတော့ အကျိုးဆက်တွေပေါ့ဗျာ။” လို့ ဂွါဒီယိုလာက ဆက်လက်ပြောကြားခဲ့ပါတယ်။

သူ့အနေနဲ့ ပြစ်မှုတွေကနေ ပေါ့လျော့အောင်လို့ ကူညီပေးသင့်တယ်လို့ ခံစားမိပါသလားလို့ မေးမြန်းခဲ့တဲ့ အပေါ်မှာတော့ ဂွါဒီယိုလာက လက်တွေ့ကျတဲ့ ချဉ်းကပ်နည်းနဲ့ ဖြေဆိုသွာခဲ့ပါတယ်။ 

“အသင်းအတွက် ကာကွယ်‌ပေးဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကစားပွဲတွေကို အနိုင်ရရှိနေဖို့ပါပဲ။ ကျွန်တော်တို့အနေနဲ့ ကျွန်တော် ဒီမှာရှိနေရတဲ့အကြောင်းအရင်းကို နားလည်မှုမလွဲမှားစေချင်ပါဘူး။ တချိန်တည်းမှာပါပဲ ကျွန်တော်က မီဒီယာတွေနဲ့ စကားပိုပြောရပြီး ပရိတ်သတ်တွေနဲ့ အခြားသူတွေဆီ သတင်းစကားပါးရတဲ့ သူပါ။ သေချာတာပေါ့ ကျွန်တော်လည်း ကလပ်ကို ကာကွယ်ပေးချင်တာပေါ့။” လို့ မန်စီးတီးနည်းပြက ပြောကြားသွားခဲ့ပါတယ်။

ဂွါဒီယိုလာဟာ လာမဲ့စနေနေ့တွင် ပရီးမီးယားလိဂ်ပွဲစဉ်တစ်ခုအဖြစ် ဖူဟမ်အသင်းကို ရင်ဆိုင်ကစားသွားရမှာ ဖြစ်ပါတယ်။ 

Source : 90min.com

#xda77 #xda77digital #ပက်ဂွါဒီယိုလာ #မန်စီးတီး

Leave a Reply

Your email address will not be published. Required fields are marked *