ပရိသတ်ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ နံပါတ်တစ်ဂိုးသမား အန်ဒရေအိုနာနာက သူ့အနေနဲ့ အိုးလ်ထရက်ဖို့ဒ်သို့ပြောင်းရွှေ့ဖို့ စွန့်စားမှုတွေအများကြီးရှိတယ်ဆိုတာ သိထားခဲ့တယ်လို့ ပြောကြားခဲ့ပြီး သူ့ရဲ့မတူညီတဲ့ပုံစံကို မကြာမီမှာပဲ မြင်တွေ့ရမယ်လို့ ဆိုပါတယ်။
ခြေစွမ်းရောရလဒ်ပိုင်းမှာပါ ရုန်းကန်နေရတဲ့ယူနိုက်တက်အတွက် အိုနာနာဟာ အနည်းငယ်သော အပြုသဘောဆောင်တဲ့ အချက်တွေထဲမှတစ်ခုဖြစ်ပြီး ဂိုးသမားဟာ ဒီရာသီမှာ စွမ်းဆောင်ရည်ပိုကောင်းလာပြီး ဂိုးမပေးရတဲ့ပွဲစဉ်တွေ အများအပြားပုံဖော်ထားနိုင်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်မှာ ၂ ကြိမ်ဆက်တိုက်ကာကွယ်မှုပြုလုပ်နိုင်ခဲ့တဲ့ ကင်မရွန်းသားဟာ ပြီးခဲ့တဲ့ အက်စတွန်ဗီလာနဲ့ပွဲမှာလည်း လက်စွမ်းပြခဲ့ပြီး ဂိုးမပေးရအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။
အိုနာနာက မိမိကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ ဂိုးသမားတစ်ယောက်ဖြစ်ကြောင်းကို သက်သေပြထားနိုင်ပြီး ယခုအခါမှာ ပရိသတ်တွေအနေနဲ့ သူ့ရဲ့အကောင်းဆုံးပုံစံကို မြင်တွေ့ရမယ်လို့ ပြောကြားလာခဲ့ပါတယ်။ ကင်မရွန်းလက်ရွေးစင်ဂိုးသမားက “ကျွန်တော်ဒီနိုင်ငံအကြောင်း၊ ပရီးမီးယားလိဂ်အကြောင်း၊ ဒီမြို့အကြောင်းကို ကောင်းကောင်းသိပါတယ်။ ဒီကိုလာကစားရင် စွန့်စားမှုတွေအများကြီးလုပ်ရမယ်ဆိုတာလည်း သိပါတယ်။ ပရိသတ်တွေအနေနဲ့ မတူညီတဲ့ အိုနာနာကို မြင်တွေ့ရတော့မှာပါ” လို့ပြောကြားခဲ့ပါတယ်။

ဒီရာသီမှာ အိုနာနာအနေနဲ့ ဂိုးပေါက်ကာကွယ်မှုစွမ်းရည် ပိုမိုတိုးတက်ကောင်းမွန်လာခဲ့ပေမဲ့ ဘောလုံးကို ခြေထောက်နဲ့ကိုင်ပြီး ကစားလိုတဲ့အကျင့်ကတော့ ပုံမှန်အတိုင်းကျန်ရှိနေဆဲဖြစ်ပါတယ်။ အခုလို ဘောလုံးကိုင်ပြီး ကစားတာက အန္တရာယ်ဖြစ်စေနိုင်သော်လည်း ဂိုးသမားဟာ တိကျတဲ့ကန်တင်ပေးပို့မှုတွေလည်း ပြုလုပ်ထားနိုင်တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ အိုနာနာဟာ ပရီးမီးယားလိဂ် ၇ ပွဲကစားထားရာမှာ ၄ ပွဲအထိ ဂိုးမပေးခဲ့ရတာကြောင့် ရွှေလက်အိတ်ဆုအတွက် လီဗာပူးဂိုးသမား အလီဆန်နဲ့အတူ ထိပ်ဆုံးမှာ ပူးတွဲရပ်တည်နေပါတယ်။ အိုနာနာအနေနဲ့ ဂိုးမပေးရတဲ့ပွဲတွေ ပုံဖော်ထားနိုင်ပေမဲ့ ယူနိုက်တက်ရဲ့နောက်တန်းကတော့ ကြောက်စရာကောင်းလောက်အောင်ကို ကစားပုံညံ့ဖျင်းနေတာဖြစ်ပါတယ်။
နိုင်ငံတကာပွဲစဉ်တွေအပြီး ပရီးမီးယားလိဂ်ပြန်လည်စတင်ချိန်မှာတော့ ယူနိုက်တက်အနေနဲ့ ဒဏ်ရာပြဿနာအများအပြားရှိနေတဲ့ နောက်တန်းကို ပုံစံကောင်းရအောင် ပြုပြင်ဖို ကြိုးစားသွားရဦးမှာဖြစ်ပါတယ်။ လာမဲ့ အောက်တိုဘာလ ၁၉ ရက်နေ့မှာယူနိုက်တက်ဟာ ဘရန့်ဖို့ဒ်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဝေးကွာနေတာကြာပြီဖြစ်တဲ့ အနိုင်ရလဒ်ကို ပြန်လည်ပုံဖော်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။
Source : www.goal.com
#xda77 #xda77digital #အန်ဒရေအိုနာနာ #မန်ချက်စတာယူနိုက်တက်