၄ ဂိုးပြတ် အနိုင်ရရှိခဲ့လို့ ပြီးပြည့်စုံတဲ့ ညတစ်ညဖြစ်ခဲ့ကြောင်း မိုက်ကယ် ကာရစ် ပြောကြား

မန်ယူ ချန်ပီယံလိဂ် နိုင်ပွဲ

ချန်ပီယံလိဂ် ပြိုင်ပွဲဆီ ပြန်လည်ရောက်ရှိလာတဲ့ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းက ဆာဘာ အက်ဖ်ကေ ကို အနိုင်ယူပြီးနောက် အလွန်ကောင်းမွန်ပြီး ပြီးပြည့်စုံတဲ့ ညတစ်ညဖြစ်ခဲ့တယ်လို့ မိုက်ကယ် ကာရစ် က ချီးကျူးပြောဆိုလိုက်ပါတယ်။

ယူနိုက်တက် ဟာ ကြာသပတေးနေ့က အိုးထရက်ဖို့ဒ် ကွင်းမှာ အဇာဘိုင်ဂျန် ချန်ပီယံအသင်းကို ၄-၀ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဒါဟာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း ဒီပြိုင်ပွဲမှာ သူတို့ရဲ့ ပထမဆုံး ပွဲထွက်ကစားခွင့်လည်း ဖြစ်ပါတယ်။

၄ ဂိုးပြတ် အနိုင်ရလဒ်နဲ့ ပေးဂိုးမရှိ ကလင်းရှီးရယူနိုင်ခဲ့တာဟာ ပြီးပြည့်စုံတဲ့ညတစ်ည ဟုတ်ပါသလားလို့ ပွဲအပြီးမှာ မေးမြန်းခဲ့ရာမှာတော့ ကာရစ် က “ကျွန်တော် အဲဒီလိုပဲ ထင်ပါတယ်။ ဒါဟာ ကျွန်တော်တို့ ရယူချင်ခဲ့တဲ့ ရည်မှန်းချက်ပါပဲ။” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

“တစ်ဦးချင်းရော၊ အသင်းလိုက်ပါ ပွဲစကတည်းက ပွဲပြီးတဲ့အထိ တောက်လျှောက် အကောင်းဆုံး စွမ်းဆောင်ပြနိုင်ခဲ့ကြတယ်လို့ ထင်ပါတယ်။ ပွဲထွက်ကစားခဲ့တဲ့ လူငယ်တွေရော၊ လူစားဝင်လာတဲ့ ကစားသမားတွေပါ ပေးဂိုးမရှိ ကလင်းရှီး ထိန်းနိုင်ခဲ့သလို ဂိုးတွေလည်း သွင်းယူနိုင်ခဲ့ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ဘောလုံးကစားဟန်ကို ပြသနိုင်ခဲ့ကြပါတယ်။ ခြုံပြီးပြောရရင် ဘက်ပေါင်းစုံက အားလုံးအဆင်ပြေတဲ့ ညတစ်ညပါပဲ။” လို့ သူက ဆက်ပြောပါတယ်။

ဒီနိုင်ပွဲဟာ လာမဲ့တနင်္ဂနွေနေ့မှာ ကစားရမဲ့ မန်ချက်စတာ စီးတီး နဲ့ ဒါဘီပွဲကြီး မတိုင်ခင် ယူနိုက်တက် အတွက် အကောင်းဆုံး ကြိုတင်ပြင်ဆင်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။

ကာရစ် ရဲ့ အသင်းဟာ ပရီးမီးယားလိဂ် အဖွင့် ၃ ပွဲကနေ ၄ မှတ်သာ ရရှိထားသေးပြီး အဲဗာတန် နဲ့ပွဲမှာ နောက်ကျချေပဂိုး ပေးလိုက်ရတဲ့အတွက် အခုပွဲမှာ မြို့ခံပြိုင်ဘက်ကို ပြန်လည်တုံ့ပြန်ဖို့ ပြင်ဆင်နေတာပါ။

“ရလဒ်ပိုင်းကို ကြည့်ရင်တော့ ကျွန်တော်တို့ လိုချင်တဲ့ အစပြုမှုမျိုး မဟုတ်ခဲ့ပါဘူး။” လို့ ကာရစ် က ဆိုပါတယ်။

“လိဂ်ပြိုင်ပွဲမှာ အမှတ်တွေ ပိုရချင်ခဲ့တာပေါ့။ ဒါပေမဲ့ ခြေစွမ်းပိုင်းမှာတော့ ကျွန်တော်တို့ မြင်တွေ့ချင်တဲ့ အချက်တွေအများကြီး ပါဝင်နေပြီး အဲဒီအပေါ်မှာ ကျေနပ်မိပါတယ်။ ဒါပေမဲ့ တိုးတက်အောင်လုပ်ရမဲ့ အရာတွေလည်း ရှိနေဆဲပါ။ ဒီညမှာ ပေးဂိုးမရှိ ကလင်းရှီး ထိန်းနိုင်ခဲ့တာက ကျွန်တော်တို့အတွက် အရမ်းအရေးကြီးပါတယ်။ အသင်းလိုက် အနေနဲ့လည်း ကောင်းမွန်တဲ့ ကစားကွက်တွေကို အများကြီးလုပ်ပြနိုင်ခဲ့လို့ လာမဲ့ရာသီခရီးစဉ်အတွက် စိတ်လှုပ်ရှားမိပါတယ်။ ဒါဟာ ကျွန်တော့်အတွက်တော့ တကယ့်ကို အားတက်စရာပါပဲ။” လို့ သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

Source : https://www.espn.com/

Leave a Reply

Your email address will not be published. Required fields are marked *