ကစားသမားတွေကို အလှည့်ကျနားပေးဖို့တောင်းဆိုတာ ရူးသွပ်မှုပဲလို့ အင်္ဂလန် နည်းပြ သောမတ်စ် တူချယ် တုံ့ပြန်

သောမတ်စ် တူချယ် အင်္ဂလန်

နိုင်ငံတကာရက်သတ္တပတ်ကာလအတွင်းမှာ အင်္ဂလန် ကစားသမားတွေနဲ့ သူတို့ရဲ့ကလပ်အသင်းတွေအနေနဲ့ ဘယ်ပွဲတွေမှာ ပါဝင်ကစားရမလဲဆိုတာကို ရွေးချယ်ခွင့်မပေးသင့်ဘူးလို့ နည်းပြ သောမတ်စ် တူချယ် က ပြောကြားလိုက်ပါတယ်။

အင်္ဂလန် အသင်းဟာ ရက်ရှည်နိုင်ငံတကာရက်သတ္တပတ် ကာလအတွင်း နေးရှင်းလိဂ် ပွဲစဉ် ၄ ပွဲ ကစားရမှာဖြစ်ပါတယ်။ အဲဒီပွဲစဉ်တွေထဲက ပထမဆုံးပွဲမှာတော့ တူချယ် ရဲ့ အသင်းဟာ ကမ္ဘာ့ဖလားချန်ပီယံ စပိန် အသင်းကို စနေနေ့တုန်းက ရှုံးနိမ့်ခဲ့ပါတယ်။

သူတို့ဟာ လာမဲ့အင်္ဂါနေ့မှာ ချက်ပြည်သူ့သမ္မတနိုင်ငံ ကို သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး စနေနေ့မှာတော့ ခရိုအေးရှား နဲ့ ဆက်လက်ကစားရမှာပါ။ အဲဒီနောက် အောက်တိုဘာလ ၆ ရက်နေ့မှာ ချက် အသင်းကို အိမ်ကွင်းမှာ ထပ်မံဧည့်ခံရမှာဖြစ်ပါတယ်။ တစ်ချိန်ထဲမှာပဲ ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် နွေရာသီနားရက် တိုတောင်းခဲ့ရတဲ့ ကစားသမားတချို့ကို အနားပေးဖို့ တောင်းဆိုမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ပရီးမီးယားလိဂ် ကလပ်နည်းပြတွေဆီက ဖုန်းဆက်သွယ်မှုမျိုးရှိခဲ့သလားလို့ မေးမြန်းရာမှာတော့ တူချယ် က သတင်းထောက်တွေကို အခုလို ဖြေကြားခဲ့ပါတယ်။ “ကျွန်တော် ပရီးမီးယားလိဂ် နည်းပြတွေဆီက ဖုန်းလက်မခံပါဘူး။ ကျွန်တော် ကလပ်အသင်းတွေမှာ ကိုင်တွယ်ခဲ့တုန်းကလည်း နိုင်ငံလက်ရွေးစင် နည်းပြဘယ်သူ့ကိုမှ ဖုန်းမဆက်ခဲ့ပါဘူး” လို့ သူက ပြောပါတယ်။

“ကျွန်တော် ကစားသမားတွေရဲ့ ကစားချိန် မိနစ်တွေကို လိုက်ပြီး မထိန်းညှိပေးနိုင်ပါဘူး။ ဒါက မဖြစ်နိုင်တာပါ။ ကစားသမားတွေကို ခြေလှမ်းတစ်လှမ်း ပြန်ဆုတ်ဖို့၊ ဒါမှမဟုတ် တစ်ပိုင်းစီ မျှကစားဖို့၊ ဒါမှမဟုတ် ပွဲတစ်ပွဲလောက် အနားယူဖို့ အဆင်ပြေတယ်ဆိုတဲ့ အထင်အမြင်မျိုး ကျွန်တော် ဘာလို့သွားပေးရမှာလဲ။ ကျွန်တော် ဘယ်တော့မှ အဲဒီလို လုပ်မှာမဟုတ်ပါဘူး။ ဒါဟာ ရူးသွပ်မှုတစ်ခုပါပဲ။

ကျွန်တော်တို့ နောက်ပွဲကို အနိုင်ရချင်ပါတယ်။ အကောင်းဆုံး အခြေအနေကတော့ ထပ်ခါထပ်ခါ အစွမ်းကုန် ဆက်သွားဖို့ပါပဲ။ အနည်းဆုံး ကစားသမား ခြောက်ယောက် ဒါမှမဟုတ် ခုနစ်ယောက်လောက်က ပွဲထွက်လူစာရင်းမှာပြန်ပါလာပြီး သူတို့အပေါ် တာဝန်ယူမှု ရှိစေဖို့နဲ့ ကျွန်တော့်ရဲ့ ယုံကြည်မှုကို သူတို့ ခံစားရစေဖို့ ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ပရာ့ဂ် မြို့က ဖော်ကျူနာ အရီနာ ကွင်းမှာ အင်္ဂါနေ့ကစားမဲ့ ချက်ပြည်သူ့သမ္မတနိုင်ငံ နဲ့ ပွဲမှာ အသင်းအနေနဲ့ အစွမ်းကုန် ပုံအောကစားသွားမယ်လို့ တူချယ် က ပြောကြားခဲ့ပြီး

“ကျွန်တော်တို့ တက်တက်ကြွကြွနဲ့ ဦးဆောင်ကစားဖို့ လိုပါတယ်။ ကစားသမားတွေရဲ့ ကစားချိန်ကို ထိန်းညှိပေးနေဖို့ ဒါမှမဟုတ် အားချွေတာပြီး ကစားတဲ့ ပုံစံမျိုးအတွက် နေရာမရှိပါဘူး။ ဒါဟာ အသင်းက ဘယ်လိုကစားချင်သလဲ၊ ကျွန်တော်တို့ ဘယ်လိုကစားချင်သလဲဆိုတာပါပဲ၊ ဒါကြောင့် အစွမ်းကုန် သွားကြစို့” လို့ ထပ်လောင်းပြောဆိုသွားပါတယ်။

Source : https://www.channelnewsasia.com/

Leave a Reply

Your email address will not be published. Required fields are marked *