ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်မှာ လိဒ်စ် အသင်းနဲ့ရင်ဆိုင်ရမဲ့ အာဆင်နယ် အနေနဲ့ အားနည်းချက်တွေရှိလာနိုင်တယ်လို့ သတိပေးခံလိုက်ရပါတယ်။ သုံးပတ်ကြာ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ပရီးမီးယားလိဂ် ပြန်လည်စတင်လာခဲ့ပြီး ဂန်းနား တွေဟာ စနေနေ့ အစောဆုံးပွဲစဉ်အဖြစ် နည်းပြ ဒန်နီရယ် ဖာကီ ရဲ့ လိဒ်စ် နဲ့ ယှဉ်ပြိုင်ကစားရမှာပါ။
ဒါပေမဲ့ ပေါလ် မာဆန် ရဲ့ အဆိုအရတော့ ဒီအခြေအနေဟာ ကောင်းကျိုးထက် ဆိုးကျိုးပိုဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ အာဆင်နယ် တိုက်စစ်မှူးဟောင်းဖြစ်သူက နည်းပြ မီခေးလ် အာတီတာ ရဲ့ ကစားသမား ၁၅ ယောက်အထိ ဒီတစ်ပတ်မတိုင်ခင်အထိ နိုင်ငံအသင်းတာဝန်တွေ ထမ်းဆောင်ခဲ့ရတာကြောင့် ဂန်းနား တွေအနေနဲ့ အရှိန်အဟုန်ပြန်ရဖို့ ရုန်းကန်ရနိုင်တယ်လို့ စိုးရိမ်နေပါတယ်။ ဒီအချက်ဟာ အမ်းမရိတ်စ် ကွင်းမှာ လိဒ်စ် တို့အတွက် အသာစီးရစေပြီး နှစ်သင်းကြားကကွာဟချက်ကို ကျဉ်းမြောင်းသွားစေမယ်လို့ သူက ယုံကြည်နေပါတယ်။
စကိုင်းစပေါ့တ်စ် နယူးစ် (Sky Sports News) မှာ မာဆန် က “အာဆင်နယ် မှာ နိုင်ငံတကာပွဲရက်အတွင်း ကစားသမား အများအပြား ထွက်သွားခဲ့ရတယ်။
သူတို့ မနေ့ကမှ ပြန်ရောက်လာပြီး သွေးပူလေ့ကျင့်ခန်း နည်းနည်းလောက်ပဲ လုပ်ရသေးတယ်။ ဒါကြောင့် ဒီနေ့နဲ့ မနက်ဖြန် နည်းနည်းလောက်ပဲ အချိန်ရပြီး တည်ကန်ဘောတွေနဲ့ ကစားကွက်ပုံစံတွေကို အပြေးအလွှား လေ့ကျင့်ရုံလောက်ပဲ ရှိမှာပါ။ ပြီးတာနဲ့ စနေနေ့ နေ့လယ် ၁၂:၃၀ မှာ ပွဲစကစားရတော့မယ်။
ဒါကြောင့် အချိန်သိပ်မရခဲ့သလို ဒါဟာ လိဒ်စ် အတွက် အခွင့်အရေးကို ညှိပေးသလို ဖြစ်သွားမယ်ထင်တယ်။ နိုင်ငံတကာပွဲရက် ပြီးတာနဲ့ စနေနေ့ နေ့လယ် ၁၂:၃၀ မှာ ချက်ချင်းကစားရတာက လိဒ်စ် အတွက်တော့ အားသာချက် အနည်းငယ် ဖြစ်စေပါတယ်” လို့ ရှင်းပြခဲ့ပါတယ်။
လိဒ်စ် မှာလည်း အင်္ဂလန်လက်ရွေးစင် ဂျိမ်းစ် ထရက်ဖို့ဒ် အပါအဝင် ကစားသမား ၂၁ ယောက်အထိ နိုင်ငံအသင်းတွေအတွက် သွားရောက်ကစားခဲ့ကြတာကြောင့် လူအင်အား တော်တော်များများ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် နည်းပြ ဖာကီ ရဲ့ အသင်းမှာ ဒဏ်ရာပြဿနာတွေနဲ့လည်း ရင်ဆိုင်နေရပြီး ဒန် ဂျိမ်းစ် နဲ့ ဂျိုး ရိုဒန် တို့ နှစ်ယောက်စလုံး လန်ဒန်မြောက်ပိုင်း ခရီးစဉ်ကို လွဲချော်တော့မှာပါ။
တစ်ဖက်မှာတော့ အာဆင်နယ် အနေနဲ့ ဒက်ကလန် ရိုက်စ်၊ အက်ဇရီ ကွန်ဆာ၊ ခရစ္စတီယန် မော့စ်ကွာရာ၊ ပီယာရို ဟင်ကာပီ နဲ့ ဘင် ဝှိုက် တို့အားလုံး အသင်းဆီပြန်လည်ပါဝင်လာဖို့ မျှော်လင့်နေပါတယ်။
ပြီးခဲ့တဲ့ပွဲမှာ ဘရိုက်တန် ကို ၃-၀ နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရတဲ့ ဂန်းနား တွေအတွက် ဒီပွဲမှာ အနိုင်ရလဒ်ကို အသည်းအသန်လိုအပ်နေတာလည်း ဖြစ်ပါတယ်။
Source : https://www.standard.co.uk/




