လက်ရွေးစင်ကနေ အနားယူသွားတဲ့ မက်ဆီရဲ့ အချိန်တွေကို အပြည့်အဝခံစားကြဖို့ အင်တာမိုင်ယာမီ နည်းပြ တိုက်တွန်း

မက်ဆီ အင်တာမိုင်ယာမီ

အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီ နိုင်ငံအသင်းကနေ အနားယူသွားပြီးတဲ့နောက် အာဂျင်တီးနား အသင်းအနေနဲ့ သူ့ကို အရမ်းလွမ်းဆွတ်နေရလိမ့်မယ်လို့ အင်တာမိုင်ယာမီ နည်းပြ ခရစ္စတီယန် “ကီလီ” ဂွန်ဇာလက်ဇ် က ပြောကြားခဲ့သလို မေဂျာလိဂ် ကလပ်အသင်းနဲ့အတူ သူရှိနေတဲ့အချိန်တွေကို အပြည့်အဝပျော်ရွှင်ခံစားကြဖို့ ပရိသတ်တွေကို တိုက်တွန်းလိုက်ပါတယ်။

“နှုတ်ဆက်ပွဲက အရမ်းကို စိတ်လှုပ်ရှား ခံစားချက်ပြင်းထန်ခဲ့ရတယ်” လို့ သောကြာနေ့မှာ ဂွန်ဇာလက်ဇ် က ပြောခဲ့ပါတယ်။ “ကျွန်တော်က သူ့ဘေးနားမှာ အရမ်းနီးနီးကပ်ကပ်ရှိနေခဲ့ပေမဲ့ အဆုံးသတ်မှာတော့ အဲဒီအခိုက်အတန့်က သူ့အတွက်ပဲ ဖြစ်ခဲ့သလို သူ့ရဲ့ အချိန်လည်း ဖြစ်ခဲ့ပါတယ်။

အရေးအကြီးဆုံးကတော့ သူပျော်ပျော်ရွှင်ရွှင် ခံစားဖို့ပါပဲ။ အာဂျင်တီးနား တစ်ခုတည်းကတင်မဟုတ်ဘဲ ကမ္ဘာတစ်ခုလုံးက ပေးတဲ့ ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝခံစားပါလို့ပဲ ကျွန်တော်သူ့ကိုပြောခဲ့ပါတယ်။

အဲဒီဂျာစီကို ဝတ်ဆင်ထားတဲ့သူ့ကို လူတိုင်းလွမ်းနေကြမှာ အမှန်ပါပဲ။ ဒါပေမဲ့ ဒီနေ့မှာတော့ သူက ကျွန်တော်တို့ဆီမှာ ရှိနေပြီဖြစ်လို့ ကျွန်တော်တို့နဲ့အတူ သူရှိနေတဲ့အချိန်ကို အပြည့်အဝတန်ဖိုးထား ခံစားရမှာ ဖြစ်ပါတယ်။

သူ အနားယူသွားတဲ့နေ့ကနေစပြီး ဒီလောကမှာ မရှိတော့တဲ့အချိန်အထိ သူလည်း ဒီအရာတွေကို လွမ်းနေမှာ သေချာပါတယ်။ သူ့အတွက်ကတော့ လက်ရွေးစင်ဂျာစီကို ဝတ်ဆင်ခွင့်ရတာဟာ အရာအားလုံးပါပဲ။ သူ ချန်ထားခဲ့တဲ့ သမိုင်းမှတ်တိုင်နဲ့ အမွေအနှစ်တွေကို သူအမြဲတမ်း သတိရနေမှာပါ။ ဒါပေမဲ့ ကံဆိုးတာတစ်ခုက ကျွန်တော်တို့အနေနဲ့ အဲဒီဂျာစီနဲ့ သူ့ကိုထပ်မြင်တွေ့ရတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီမှာရှိနေတဲ့ ကျွန်တော်တို့အားလုံး အပြည့်အဝ ပျော်ရွှင်ခံစားကြရပါမယ်။ အခုဆိုရင် သူက ကျွန်တော်တို့အပိုင် ဖြစ်နေပြီမို့လို့ ကျွန်တော်လည်း အပြည့်အဝ ခံစားရမှာပါ”

မက်ဆီ ဟာ အမြဲတမ်း ယှဉ်ပြိုင်လိုစိတ် ပြင်းပြလွန်းတာကြောင့် အာဂျင်တီးနား မှာ ကြီးမားတဲ့သမိုင်းအမွေအနှစ်ကို ချန်ထားခဲ့နိုင်ခဲ့ပြီး သူ့ဘေးနားကလူတွေကိုလည်း နေ့တိုင်းတိုးတက်လာအောင် တွန်းအားပေးနိုင်ခဲ့တယ်လို့ ဂွန်ဇာလက်ဇ် က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

“လီယို ဟာ ထူးခြားတဲ့ စိတ်ဓာတ်ခွန်အားကို နေ့တိုင်းကူးစက်စေတဲ့သူမျိုးပါ။ အသင်းဖော်တွေရော ကျွန်တော်တို့အားလုံးပါ ကဏ္ဍတိုင်းမှာ ရာနှုန်းပြည့် အစွမ်းကုန်ကြိုးစားဖို့ သူကတောင်းဆိုလေ့ရှိတယ်” လို့ ဂွန်ဇာလက်ဇ် က ဆိုပါတယ်။

“သူက မွေးရာပါ ပြိုင်ဆိုင်လိုစိတ် ပြင်းထန်တဲ့သူတစ်ယောက်ပါ။ လေ့ကျင့်ခန်းဆင်းတဲ့အချိန်တိုင်းမှာ အဲဒါကို မြင်တွေ့နိုင်ပြီး တကယ့်ကို အံ့ဩစရာ ကောင်းလှပါတယ်။ အသက် ၃၉ နှစ် အရွယ်ရှိနေပြီဖြစ်ပေမဲ့ စိန်ခေါ်မှုအသစ်တွေကို အမြဲတမ်း ရှာဖွေနေဆဲပါပဲ။ ဒါဟာ သူ့ရဲ့ အသင်းဖော်တွေအတွက်တင်မဟုတ်ဘဲ ဝန်ထမ်းတွေနဲ့ ကလပ်တစ်ခုလုံးအတွက်ပါ အလွန်ကောင်းမွန်တဲ့ အချက်ဖြစ်ပါတယ်။

သူက နေ့တိုင်း ပိုကောင်းလာအောင် လူတိုင်းကို တွန်းအားပေးနေတာပါ။

ဒါကြောင့်လည်း သူက စံပြပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေရတာပါ။ အရင်က ကျွန်တော်ပြောခဲ့သလိုပါပဲ၊ သူက ကြီးမားတဲ့ အမွေအနှစ်ကို ချန်ထားခဲ့လို့ နိုင်ငံအသင်းမှာ သူ့ကိုလွမ်းနေကြမှာဖြစ်သလို ဒီမှာလည်း အမွေအနှစ်တစ်ခုကို ဖန်တီးနေပါတယ်။ သူ ရောက်လာတဲ့နေ့ကစပြီး ဒီကလပ်အသင်းဟာ လုံးဝ ပြောင်းလဲသွားခဲ့ပါပြီ။

ကျွန်တော်တို့ကို နေ့တိုင်း ပိုကောင်းလာအောင်နဲ့ ဘက်ပေါင်းစုံကနေ အဆင်သင့်ဖြစ်နေအောင် သူကတွန်းအားပေးပါတယ်။ ပြီးတော့ သူပျော်ရွှင်နေတာကို တွေ့ရသလို သူပျော်နေတာကိုမြင်ရတော့ ကျွန်တော်လည်း အရမ်းပျော်မိပါတယ်”

လက်ရွေးစင်ပွဲစဉ်တွေအပြီး ပထမဆုံး ပြန်လည်ကစားရမဲ့ပွဲအဖြစ် စနေနေ့ညမှာ နူး စတေဒီယမ် ကွင်းအတွင်း ဒီစီ ယူနိုက်တက် နဲ့ ရင်ဆိုင်ဖို့ မက်ဆီ နဲ့ အင်တာမိုင်ယာမီ တို့ အခုအခါ ပြင်ဆင်နေကြပါပြီ။

“ကျွန်တော်တို့ အခြေအနေကောင်းတစ်ခုမှာ ရှိနေပါတယ်။ သက်ဆိုင်ရာ နိုင်ငံအသင်းတွေကနေပြန်လာတဲ့ ကစားသမားတွေလည်း တကယ့်ကို အဆင်ပြေပြေ ရှိနေကြပါတယ်” လို့ ဂွန်ဇာလက်ဇ် က ပြောပါတယ်။ “ကျွန်တော်တို့ ထိထိရောက်ရောက် လေ့ကျင့်ထားသလို နိုင်ပွဲတွေဆီ ပြန်သွားရမယ်ဆိုတာကိုလည်း သေချာသိထားပါတယ်။ ရာသီရဲ့နောက်ဆုံးအပိုင်းကို အကောင်းဆုံးပုံစံနဲ့ ဖြတ်သန်းနိုင်ဖို့၊ အကောင်းဆုံးအသင်း ဖြစ်လာစေဖို့ အသေးစိတ်အချက်တွေကို ပြင်ဆင်ဖို့ ပွဲအနည်းငယ် ကျန်ပါသေးတယ်”

အင်တာမိုင်ယာမီ ဟာ မေဂျာလိဂ် မှာ ၅ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီးနောက် ၂၇ ပွဲကစား ၄၆ မှတ်နဲ့ အရှေ့ပိုင်းဇုန် အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။ အဆိုပါ နောက်ဆုံး လိဂ် ၅ ပွဲမှာတော့ ၁ ပွဲရှုံး ၄ ပွဲသရေ ရလဒ် ထွက်ပေါ်ခဲ့တာပါ။

ဒါပေမဲ့ အင်တာမိုင်ယာမီ ဟာ စက်တင်ဘာလ ၁၆ ရက်နေ့က ကစားခဲ့တဲ့ ကမ်ပီယိုနက်စ် ဖလား ပွဲစဉ်မှာတော့ ခရုဇ် အာဇူးလ် ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Source : https://www.espn.com.sg/

Leave a Reply

Your email address will not be published. Required fields are marked *