လက်ရွေးစင်အသင်းကနေ ထွက်ခွာခဲ့လို့ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ရဲ့ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံရတဲ့ စီရော်နယ်ဒို

စီရော်နယ်ဒို ပွဲပယ်ပြစ်ဒဏ်

ပေါ်တူဂီ လက်ရွေးစင်အသင်းစခန်းကနေ ထွက်ခွာသွားခဲ့ပြီးနောက် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အရေးယူမှုတွေ စတင်လာတာကြောင့် ခရစ္စတီယာနို ရော်နယ်ဒို ဟာ ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ် (FPF) ရဲ့ ယာယီပွဲပယ်ပြစ်ဒဏ်ကို ချမှတ်ခံလိုက်ရပါတယ်။

အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒို ဟာ နည်းပြချုပ် ဂျော့ဂျ် ဂျေဆုစ် နဲ့ အငြင်းပွားမှုဖြစ်ပွားပြီးနောက် ဒိန်းမတ် နဲ့ ကစားရမယ့် ပေါ်တူဂီ ရဲ့ နေးရှင်းလိဂ်ပွဲစဉ်မတိုင်ခင် အသင်းလူစာရင်းကနေ ထွက်ခွာသွားခဲ့တာပါ။ နော်ဝေ နဲ့ပွဲမှာ အရန်ခုံမှာပဲထိုင်ခဲ့ရတဲ့ ရော်နယ်ဒို က သူ့ရဲ့ကစားခွင့်အချိန်နဲ့ပတ်သက်ပြီး ပေးထားတဲ့ကတိတွေကို ဖောက်ဖျက်တယ်ဆိုပြီး ဂျေဆုစ် ကို စွပ်စွဲခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ရော်နယ်ဒို ဟာ အသင်းဖော်တွေနဲ့ အားပေးသူပရိသတ်တွေကို တောင်းပန်ခဲ့သလို အသင်းစခန်းကနေ မထွက်သွားသင့်ဘူးဆိုတာကိုဝန်ခံခဲ့ပြီး သူ့ရဲ့လုပ်ရပ်အတွက် အဖွဲ့ချုပ်အနေနဲ့ အပြစ်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

စနေနေ့မှာတော့ ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ် က ရော်နယ်ဒို ကို စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အရေးယူမှုတွေ စတင်နေပြီဖြစ်ကြောင်းနဲ့ ဒီအမှုကို စည်းကမ်းထိန်းသိမ်းရေး စုံစမ်းစစ်ဆေးရေးကော်မရှင်ဆီ လွှဲပြောင်းပေးထားကြောင်း အတည်ပြုခဲ့ပါတယ်။

“အောက်တိုဘာလ ၉ ရက်နေ့က ကြေးစားမဟုတ်တဲ့ကဏ္ဍရဲ့ ဆုံးဖြတ်ချက်အရ ခရစ္စတီယာနို ရော်နယ်ဒို ဒိုစ် ဆန်းတို့စ် အာဗဲရိုး အပေါ် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အရေးယူမှုတွေကို စတင်လိုက်ပါပြီ” လို့ အဖွဲ့ချုပ်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အမှုကို အရေးပေါ်ကိစ္စအဖြစ်သတ်မှတ်ထားပြီး နောက်ထပ်ပွဲပယ်ပြစ်ဒဏ် ထပ်မံမချမှတ်ခင်မှာပဲ ရော်နယ်ဒို ဟာ အလိုအလျောက် ယာယီပွဲပယ်ပြစ်ဒဏ်ကို စတင်ခံယူနေရပြီဖြစ်တယ်လို့ ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ် က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

နောက်ဆုံးပြစ်ဒဏ်ကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးသလို စုံစမ်းစစ်ဆေးမှုတွေ မပြီးဆုံးမချင်း စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အသေးစိတ်အချက်အလက်တွေကို လျှို့ဝှက်ထားမှာ ဖြစ်ပါတယ်။

ဘယ်လိုပြစ်ဒဏ်မျိုး ချမှတ်ခံရပါစေ အားလုံးကိုလက်ခံသွားမှာဖြစ်သလို ပေါ်တူဂီ အသင်းအတွက် ဆက်ကစားပေးချင်သေးတယ်လို့ ရော်နယ်ဒို က ဒီအပတ်အစောပိုင်းမှာ ပြောခဲ့ပါတယ်။

သူ့အနေနဲ့ ပြင်းထန်တဲ့ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရနိုင်ပြီး အဖွဲ့ချုပ်ရဲ့ စည်းကမ်းထိန်းသိမ်းရေး ဥပဒေတွေအရ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ လက်ရွေးစင်အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်၊ ပွဲစဉ် ဒါမှမဟုတ် လှုပ်ရှားမှုတွေဆီ မလာရောက်တာ ဒါမှမဟုတ် စွန့်ခွာသွားတဲ့ ကစားသမားတိုင်းဟာ ဒဏ်ငွေအပြင် “၁ လ ကနေ ၆ လအထိ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခြင်းခံရမယ်” လို့ ပြဋ္ဌာန်းထားပါတယ်။

ရော်နယ်ဒို ဟာ အသင်းကနေ ထွက်သွားမယ်ဆိုတာကို အဖွဲ့ချုပ်ဆီအသိပေးခဲ့ပေမဲ့ အဲ့ဒီဆုံးဖြတ်ချက်ဟာ စည်းမျဉ်းတွေအရ ခိုင်လုံတဲ့ အကြောင်းပြချက်အဖြစ် သတ်မှတ်နိုင်မလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

နိုင်ငံတကာရက်သတ္တပတ် အရှုပ်အထွေးတွေအပြီးမှာတော့ ရော်နယ်ဒို ဟာ သောကြာနေ့က ကလပ်အသင်းဆီ ပြန်လည်ရောက်ရှိလာခဲ့ပြီး ဆော်ဒီ ပရိုလိဂ် မှာ အယ်လ်နာဆာ က ဒီရီယာ ကို ၃-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။

ဧရိယာအပြင်ဘက်ကနေ ကင်းစလေ ကိုမန် ရဲ့ ကန်ချက်ကို ဂိုးသမား ဝါလစ် အဗ္ဗဒူလာ ကာကွယ်ခဲ့ရာကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ရော်နယ်ဒို က အနီးကပ် ပိတ်သွင်းယူခဲ့ပြီး သူ့ရဲ့ကစားသမားဘဝ အကြိမ် ၉၈၀ မြောက် သွင်းဂိုးကို ရယူနိုင်ခဲ့တာပါ။

ဒီနိုင်ပွဲကြောင့် လက်ရှိချန်ပီယံအသင်းဟာ အဆင့် ၈ ပွဲစဉ်အပြီးမှာ ဇယားထိပ်က အယ်လ် ကာဒီစီယာ ရဲ့နောက် ဂိုးကွာခြားချက်နဲ့ အမှတ်တူ ရပ်တည်နိုင်ခဲ့ပါတယ်။

Source : https://www.espn.com.sg/

Leave a Reply

Your email address will not be published. Required fields are marked *