တနင်္ဂနွေနေ့က မန်ချက်စတာစီးတီး ကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ကွင်းလယ်လူ ရိုင်ယန် ဂရာဗင်ဘတ်ချ် ကို အနီကတ်ပြပြီး ထုတ်ပယ်ခဲ့တဲ့ ဒိုင်လူကြီး ခရစ္စ ကာဗာနာ ရဲ့ ဆုံးဖြတ်ချက်အပေါ် လီဗာပူး နည်းပြ အန်ဒိုနီ အီရာအိုလာ က မကျေမနပ် ဝေဖန်လိုက်ပါတယ်။
အန်ဖီးလ် မှာ ကစားခဲ့တဲ့ ဒီပွဲမှာ အီလီယော့ အန်ဒါဆန် အပေါ် သာမန်ထိခိုက်မှုအတွက် အဝါကတ်အရင်ပြခံခဲ့ရတဲ့ ဂရာဗင်ဘတ်ချ် ဟာ ဂျရမီ ဒိုကူ ကို ထပ်မံဖျက်ထုတ်မိလို့ ဒုတိယအဝါကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။ နယ်သာလန်သားထုတ်ပယ်ခံရပြီး ၃ မိနစ်အကြာမှာပဲ မန်ချက်စတာစီးတီး အတွက် ဟာလန်း က ဦးဆောင်ဂိုးသွင်းယူခဲ့သလို နောက်ထပ် ဒိုကူ နဲ့ ရာယန် ချာကီ တို့ရဲ့ ဂိုးတွေကြောင့် ဧည့်သည်အသင်း အနိုင်ရသွားခဲ့ပါတယ်။
“ပွဲသုံးသပ်ချက်က ရှင်းရှင်းလေးပါ။ အနီကတ်မပြခင်နဲ့ အနီကတ်ပြပြီးချိန်ဆိုပြီး ကွဲပြားတဲ့ပွဲနှစ်ပွဲ ကစားခဲ့ရတာပါ။ အနီကတ်မပြခင် မိနစ် ၆၀ ကျော်အထိ ကျွန်တော်တို့က ပိုကောင်းတဲ့အသင်းဖြစ်ခဲ့ပြီး အနီကတ်ပြပြီးချိန်မှာတော့ သူတို့က ပိုကောင်းသွားသလို ဂိုးတွေလည်း သွင်းယူနိုင်ခဲ့ပါတယ်။” လို့ အီရာအိုလာ က ပြောပါတယ်။
“ဒါပေမဲ့ ဒီနေ့မှာ ကစားသမားတွေက အစွမ်းကုန်ပေးဆပ်ခဲ့ကြလို့ သူတို့ကိုအသိအမှတ်ပြု ချီးကျူးရပါမယ်။ ပွဲမစခင်၊ ပွဲကစားနေချိန်နဲ့ ပွဲပြီးချိန်အထိ အားပေးခဲ့တဲ့ ပရိသတ်တွေလည်း တကယ့်ကိုအံ့သြစရာ ကောင်းခဲ့ပါတယ်။ အခွင့်အရေးတွေ ရနေချိန်က ကျွန်တော်တို့ရဲ့ အကောင်းဆုံးအခိုက်အတန့်ပါပဲ။ ၃-၀ နဲ့ ရှုံးသွားတဲ့နောက်မှာတော့ ဒါတွေကအများကြီး အဓိပ္ပာယ်မရှိတော့ပေမဲ့ အရေးပါတဲ့ အချက်တွေပါပဲ။” လို့ သူက ဆက်ပြောပါတယ်။
လီဗာပူး နည်းပြက ဆက်လက်ပြီး “ရိုင်ယန် ရဲ့ ပထမအဝါကတ်က ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ ဒီလိုပွဲမျိုးမှာ ခြေမလေးနင်းမိတာလောက်နဲ့ အဝါကတ်မပြသင့်သလို ဒိုင်က ချက်ချင်းတောင်ပြစ်ဒဏ်ဘော မပေးခဲ့ပါဘူး။ အန်ဒါဆန် က ခြေလှမ်းအနည်းငယ် ဆက်လှမ်းပြီးမှ လဲကျသွားတာပါ။ ဘောလုံးနောက်မှာ ကျွန်တော်တို့ ကစားသမား ၉ ယောက်တောင်ရှိနေပြီး ကွင်းလယ်မှာ ဘာအန္တရာယ်မှမရှိတဲ့အခြေအနေမှာ ဒိုင်ကအဝါကတ် ဘာလို့ပြလဲ နားမလည်နိုင်ပါဘူး။ အခုတော့ ဒိုင်က သူ့ကိုယ်သူရော ကျွန်တော်တို့ကိုပါ အခက်တွေ့အောင် လုပ်လိုက်တာပါ။ ပွဲအစမှာလည်း မာ့ခ် ဂူအီဟီ ရဲ့ လက်ထိဘောအပြီး စောဒကတက်လို့ဆိုပြီး ရော်နယ် အာရူဟို ကို အဝါကတ် ချက်ချင်းပြခဲ့ပါသေးတယ်။”
“ပွဲအစမှာတင် ညာနောက်ခံလူကို စည်းမျဉ်းစာအုပ်အတိုင်းဆိုပြီး အဝါကတ်ပြလိုက်တာပါ။ ကစားသမား စောဒကတက်တိုင်းသာ အဝါကတ်ပြမယ်ဆိုရင် တစ်ရာသီလုံး ဒီစံနှုန်းအတိုင်း သတိထား စောင့်ကြည့်ရပါလိမ့်မယ်။”
တနင်္ဂနွေနေ့ပွဲစဉ်ဟာ ပရီးမီးယားလိဂ် ဘဏ္ဍာရေးစည်းမျဉ်းတွေ ဖောက်ဖျက်မှုကြောင့် မန်ချက်စတာစီးတီး ကို အမှီအခိုကင်းတဲ့ ကော်မရှင်က အပြစ်ရှိကြောင်းဆုံးဖြတ်ပြီးနောက်ပိုင်း ပထမဆုံး ကစားတဲ့ပွဲ ဖြစ်ပါတယ်။ မန်စီးတီး က စွဲချက်တွေကို ငြင်းဆိုပြီး အယူခံဝင်ထားပေမဲ့ မအောင်မြင်ရင်တော့ ကြီးလေးတဲ့ ပြစ်ဒဏ်တွေနဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။
ဒီအခြေအနေက ရလဒ်အပေါ် သက်ရောက်မှုရှိလားလို့ မေးမြန်းရာမှာတော့ အီရာအိုလာ က “ကျွန်တော်တို့ ပွဲရှုံးခဲ့ပေမဲ့ ဒါဟာ ဘောလုံးပါပဲ။ ပွဲမတိုင်ခင်ကတည်းက ရေရေရာရာမရှိတဲ့ အခြေအနေက ဘယ်သူ့အတွက်မှ မကောင်းဘူးလို့ ကျွန်တော်ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဖြစ်ပြီးတာတွေ ပြောင်းလဲလို့မရတော့တာမို့ စောင့်ကြည့်ရုံပဲ ရှိပါတော့တယ်” လို့ ဖြေကြားသွားခဲ့ပါတယ်။
Source : https://www.espn.com.sg/




