ဆော်ဒီအာရေဗျ မှာ တနင်္လာနေ့က ကစားခဲ့တဲ့ အာရှချန်ပီယံလိဂ် အီလစ်ပြိုင်ပွဲမှာ အယ်လ်နာဆာ အသင်းက နက်ဖ်ချီ ဖာဂါနာ အသင်းကို အနိုင်ရရှိခဲ့ပြီး ခရစ္စတီယာနို ရိုနယ်ဒို က အသင်းအတွက် အရေးပါတဲ့အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ဟူသီ သူပုန်တွေက ရီယတ် မြို့ဆီကို ပစ်ခတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည်တွေကို မဟာမိတ်တပ်ဖွဲ့တွေက တနင်္လာနေ့မှာ နှစ်ကြိမ်တိုင်တိုင် ကြားဖြတ်ဖျက်ဆီးခဲ့ပြီးနောက် ဆော်ဒီအာရေဗျ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လုံခြုံရေးသတိပေးချက် ထုတ်ပြန်ခဲ့တာကြောင့် ပွဲစတင်ချိန် တစ်နာရီနောက်ကျခဲ့ရပါတယ်။ တနင်္လာနေ့ညပိုင်းမှာတော့ အဲဒီမြို့ထဲမှာ ပေါက်ကွဲသံ အနည်းဆုံး ၃ ကြိမ်ထွက်ပေါ်ခဲ့ပါတယ်။
အသင်းတွေ ကွင်းထဲဝင်ဖို့ စောင့်ဆိုင်းနေချိန်မှာ အယ်လ်အာဝယ်လ် ပါ့ခ် ကွင်းအတွင်းရှိ ပရိသတ်အနည်းငယ်ဟာ ထိုင်ခုံတွေမှာပဲ ဆက်လက်စောင့်ဆိုင်းနေခဲ့ကြပါတယ်။
ပွဲချိန် မိနစ် ၃၀ ကျော်မှာ အန်ဂျလို ဂါဘရီယယ် က အဖွင့်ဂိုးစတင်သွင်းယူပေးခဲ့ပြီးနောက် ပထမပိုင်းမပြီးခင်မှာပဲ အသက် ၄၁ နှစ်အရွယ် ရိုနယ်ဒို က သူ့ရဲ့ ကစားသမားဘဝ ၉၈၁ ဂိုးမြောက်ဖြစ်တဲ့ ဒုတိယဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒါဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ အယ်လ်နာဆာ အသင်းကိုရောက်ရှိလာပြီးနောက်ပိုင်း ရိုနယ်ဒို အတွက် ၁၃၄ ဂိုးမြောက် သွင်းဂိုးလည်း ဖြစ်ပါတယ်။
ဒုတိယပိုင်းအစမှာ ဧည့်သည်အသင်းက အာလီရှာ အိုဒီလော့ဗ် ရဲ့ သွင်းဂိုးနဲ့ ချေပဂိုးတစ်ဂိုးပြန်ရခဲ့ပေမဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့အမှားကြောင့် အယ်လ်နာဆာ က နှစ်ဂိုးအသာနဲ့ ပြန်ဦးဆောင်နိုင်ခဲ့ပြီး ၃-၁ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။
ဒါဟာ စက်တင်ဘာ ၁၅ ရက်က အဖွင့်ပွဲစဉ်မှာ အယ်လ်အိန်း ကို ၄-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း အာရှရဲ့အဆင့်မြင့်ဆုံး ကလပ်ပြိုင်ပွဲမှာ နည်းပြ အန်ဂျီ ပိုစတီကိုဂလူး နဲ့ အယ်လ်နာဆာ တို့အတွက် ပထမဆုံးရရှိတဲ့ အနိုင်ပွဲဖြစ်ပါတယ်။
အယ်လ်အိန်း ကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာတော့ ရိုနယ်ဒို ဟာ အရေးပါတဲ့ နိုင်ငံတကာရက်သတ္တပတ်မှာ ပါဝင်ခဲ့ရပြီး ကစားခွင့်ရမဲ့အချိန်နဲ့ ပတ်သက်လို့ နည်းပြ ဂျော်ဂျီ ဂျေဆူး နဲ့ နားလည်မှုလွဲမှားကာ ရက်သတ္တပတ်အလယ်မှာတင် ပေါ်တူဂီ လက်ရွေးစင်အသင်းကနေ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ ရိုနယ်ဒို ဟာ အသင်းဖော်တွေနဲ့ ပရိသတ်တွေကို ပြန်တောင်းပန်ခဲ့သလို စခန်းကနေ မထွက်ခွာသင့်ကြောင်း ဝန်ခံခဲ့ပြီး သူ့ရဲ့လုပ်ရပ်အတွက် အရေးယူပေးဖို့ ဘောလုံးအဖွဲ့ချုပ်ကို တောင်းဆိုခဲ့ပါတယ်။
ပေါ်တူဂီဘောလုံးအဖွဲ့ချုပ် (FPF) ကတော့ ရိုနယ်ဒို အပေါ် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အရေးယူမှုတွေ စတင်ထားပြီး ဒီကိစ္စကို စည်းကမ်းထိန်းသိမ်းရေး စုံစမ်းစစ်ဆေးရေးကော်မရှင်ဆီ လွှဲပြောင်းထားကြောင်း စနေနေ့မှာ အတည်ပြုခဲ့ပါတယ်။
အီရန် ကျောထောက်နောက်ခံပြု ဟူသီ တွေဟာ ပြီးခဲ့တဲ့သီတင်းပတ်ကုန်က လူ ၁၃ ဦးထက်မနည်း သေဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့တဲ့ ရီယတ် ရှိ ကင်းခါလစ် နိုင်ငံတကာလေဆိပ် တိုက်ခိုက်မှုအပါအဝင် ဆော်ဒီအာရေဗျ အပေါ် မကြာသေးမီက ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို သူတို့လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။
Source : https://www.espn.com.sg/




