ပြီးခဲ့တဲ့ အင်္ဂါနေ့က အက်သလက်တီကို မက်ဒရစ် ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဘုတ်အဖွဲ့ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့အတွက် လီဆန်ဒရို မာတီနက်ဇ် က တရားဝင် ပြန်လည်တောင်းပန်လိုက်ပါတယ်။
ဒီ အာဂျင်တီးနား လက်ရွေးစင်နောက်ခံလူဟာ ပွဲအပြီးအင်တာဗျူးတွေမှာ ဘောလုံးဒါရိုက်တာ ဂျေဆန် ဝီလ်ကော့စ် ကို ပစ်မှတ်ထားပြောဆိုခဲ့သလို နွေရာသီမှာကစားသမားသစ် မခေါ်ယူနိုင်ခဲ့တာကြောင့် နည်းပြချုပ် မိုက်ကယ် ကာရစ် အနေနဲ့ အခက်တွေ့ခဲ့ရတယ်လို့ ထောက်ပြခဲ့ပါတယ်။
အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မာတီနက်ဇ် ဟာ ကြာသပတေးနေ့တုန်းက အသင်းရဲ့လေ့ကျင့်ရေးကွင်းမှာ ဝီလ်ကော့စ် နဲ့ ကာရစ် အပါအဝင် ယူနိုက်တက် ထိပ်တန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အခုလိုတောင်းပန်တဲ့ ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
“ဒီနေ့မှာ အသင်းရဲ့ ထိပ်တန်းတာဝန်ရှိသူတွေ၊ နည်းပြချုပ်နဲ့ ကျွန်တော် တွေ့ဆုံခဲ့ပါတယ်။
ဒါဟာ အလွန်ကောင်းမွန်တဲ့ ဆွေးနွေးမှုတစ်ခုဖြစ်ခဲ့ပြီး အင်္ဂါနေ့ပွဲအပြီး ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေအပေါ် အမြင်ချင်းဖလှယ်ကာ ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်ခဲ့ကြပါတယ်။
ကျွန်တော်ဟာ စိတ်အားထက်သန်မှု အပြည့်ရှိတဲ့သူတစ်ယောက်ဖြစ်ပြီး ဘောလုံးအပေါ်မှာလည်း အမြဲတမ်း ရင်ခုန်ခံစားချက်အပြည့်နဲ့ ဖြတ်သန်းတယ်ဆိုတာ လူတိုင်းသိကြပါတယ်။
ပွဲရှုံးနိမ့်ခဲ့တဲ့ စိတ်ပျက်ဒေါသတွေကြောင့် မဖြစ်သင့်တဲ့အချိန်နဲ့ နေရာမှာ ကျွန်တော့်ရဲ့ခံစားချက်ကို ထုတ်ဖော်မိခဲ့တာဖြစ်လို့ ဒီအတွက် တောင်းပန်ချင်ပါတယ်” လို့ မာတီနက်ဇ် က ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။
မာတီနက်ဇ် ရဲ့ ဒေါသတကြီး ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှု ရှိ၊ မရှိကို ယူနိုက်တက် ဘက်က တရားဝင် အတည်မပြုသေးပေမဲ့ ဒဏ်ငွေချမှတ်ခံခဲ့ရတယ်လို့ သတင်းရင်းမြစ်တွေက ESPN ကို ပြောပြထားပါတယ်။
အသင်းသတင်းရင်းမြစ်တွေအရ ဒီကိစ္စကို “ပြီးပြတ်သွားပြီ” လို့ သတ်မှတ်ထားကြပြီး တနင်္ဂနွေနေ့မှာ အဲလန်းရုတ်ဒ် ကွင်းဆီ သွားရောက်ကာ လိဒ်စ် ယူနိုက်တက် နဲ့ ယှဉ်ပြိုင်ရမဲ့ပွဲအတွက် လူစာရင်းမှာရွေးချယ်ခံရပါက မာတီနက်ဇ် အနေနဲ့ ပါဝင်ကစားခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။
Source : https://www.espn.com.sg/




