လာမဲ့တနင်္ဂနွေနေ့ ဘုန်းမောက်နဲ့ ပွဲမှာ မန်ချက်စတာ ယူနိုက်တက်ကို မိုက်ကယ် ကာရစ် ဆက်ပြီးကိုင်တွယ်သွားမှာဖြစ်ပေမဲ့ အသင်းရလဒ်ဆိုးတွေကြောင့် ကလပ်အကြီးအကဲတွေကြား စိုးရိမ်မှုတွေ တိုးလာနေပါတယ်။
ချန်ပီယံလိဂ်မှာ ကိုမိုကို ၄-၁ နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် တနင်္ဂနွေနေ့ပွဲအလွန်အတွက် ဘာဆုံးဖြတ်ချက်မှ မချရသေးပါဘူး။
အီတလီမြေက ဂိုးပြတ်ရှုံးပွဲအပြီး နည်းပြအဖွဲ့အပေါ် ဝေဖန်ပြောဆိုခဲ့တဲ့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကိုတော့ လက်ပတ်ဖြုတ်တာ ဒါမှမဟုတ် ပြစ်ဒဏ်ပေးတာမျိုး လုပ်မှာမဟုတ်ပါဘူး။
ကာရင်တန် လေ့ကျင့်ရေးကွင်းထဲမှာတော့ ဗုဒ္ဓဟူးနေ့ညက ရလဒ်နဲ့ခြေစွမ်းဟာ လက်ခံနိုင်စရာမရှိဘူးလို့ ယူဆနေကြပြီး ပွဲအပြီးမှာ မိုက်ကယ် ကာရစ် ကိုယ်တိုင်လည်း အဲဒီအတိုင်း ဝန်ခံခဲ့ပါတယ်။
မိုက်ကယ် ကာရစ် ကြုံတွေ့နေရတဲ့ ဒဏ်ရာပြဿနာတွေအပေါ် စာနာမှုရှိသလို ပြီးခဲ့တဲ့အပတ်က လီဆန်ဒရို မာတီနက်စ် အသင်းလူစာရင်းအပေါ် ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့တာကို ပရိသတ်အများစုက ထောက်ခံခဲ့ကြပါတယ်။ ဒါပေမဲ့ လီဆန်ဒရို မာတီနက်စ်ရဲ့ ဝေဖန်မှုက အသင်းဘုတ်အဖွဲ့ကို ဦးတည်တာဖြစ်ပြီး နည်းပြကိုရည်ရွယ်တာ မဟုတ်ပါဘူး။
ဒါပေမဲ့ အဲဒီအချက်တွေရှိနေပေမဲ့လည်း ပြီးခဲ့တဲ့ရာသီက တတိယနေရာရအောင် စွမ်းဆောင်ပေးခဲ့တဲ့ လူစာရင်းထက် အခုလက်ရှိလူစာရင်းက ပိုအားကောင်းနေပြီး အသင်းခြေစွမ်းဟာ အတော်လေးကျဆင်းနေတယ်လို့ မန်ချက်စတာ ယူနိုက်တက် အကြီးအကဲတွေက ယူဆနေပါတယ်။
မိုက်ကယ် ကာရစ်ကို မခန့်အပ်ခင် ဇန်နဝါရီတုန်းက မန်ချက်စတာ ယူနိုက်တက် ဒါရိုက်တာတွေဟာ နည်းပြလောင်းအများအပြားကို တွေ့ဆုံမေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်။ မကြာသေးမီက အဲဒီနည်းပြလောင်းတွေနဲ့ တရားဝင် အဆက်အသွယ် မလုပ်သေးပေမဲ့ လာမဲ့ရက်ပိုင်းအတွင်း ဆွေးနွေးမှုတွေ ထပ်ဖြစ်လာနိုင်ခြေကိုတော့ လျှော့တွက်လို့မရပါဘူး။
Source : https://www.skysports.com/




