မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ မိုက်ကယ် ကာရစ်ခ် ကတော့ အိုးထရက်ဖို့ဒ် ကလပ်ဟာ ထိန်းကျောင်းကိုင်တွယ်ဖို့ မဖြစ်နိုင်တဲ့အသင်း ဆိုတဲ့ သုံးသပ်ချက်တွေကို ပယ်ချလိုက်ပါတယ်။
တနင်္ဂနွေနေ့မှာကစားမဲ့ ဘုန်းမောက် နဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်မတိုင်ခင် ၇ ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားတဲ့ ဆိုးရွားတဲ့ ရလဒ်တွေကြောင့် ကာရစ်ခ် ဟာ သူ့ရဲ့ရာထူးနေရာအတွက် အပြင်းအထန် ရုန်းကန်နေရတာပါ။
အသင်းရဲ့ ကစားသမားခေါ်ယူမှုပုံစံနဲ့ သူ့ရဲ့နည်းဗျူဟာပိုင်းကို ဝေဖန်တိုက်ခိုက်ခဲ့တဲ့ အသင်းရဲ့ အဓိကကစားသမားတွေဖြစ်တဲ့ လီဆန်ဒရို မာတီနက်ဇ် နဲ့ ဖာနန်ဒက်စ် တို့ရဲ့ အငြင်းပွားဖွယ်ပြောဆိုမှုတွေကြောင့် သူ့အပေါ် ဖိအားတွေက ပိုပြီးကြီးမားလာခဲ့ပါတယ်။
အကယ်၍ ကာရစ်ခ် သာ ရာထူးကနေ ထုတ်ပယ်ခံရမယ်ဆိုရင် ဒါဟာ ၃ ရာသီအတွင်း တတိယမြောက် နည်းပြအပြောင်းအလဲ ဖြစ်လာမှာဖြစ်သလို ၂၀၁၃ ခုနှစ်မှာ အနားယူသွားခဲ့တဲ့ ဆာ အဲလက်စ် ဖာဂူဆန် ရဲ့ အောင်မြင်မှု အမြင့်ဆုံးခြေလှမ်းတွေကို မမီနိုင်ဘဲ ရာထူးလက်လွှတ်ခဲ့ရတဲ့ ရက်ဖ် ရန်းဂ်နစ်ခ် အပါအဝင် ၈ ယောက်မြောက် ရေရှည်နည်းပြအဖြစ် မှတ်တမ်းဝင်သွားမှာပါ။
ကိုယ်ပိုင် မီဒီယာလိုင်းတွေ ထူထောင်ထားတဲ့ နာမည်ကြီး ကစားသမားဟောင်းတွေရဲ့ ဖိအားပေးမှုတွေ၊ ကြည့်ရှုသူ ပရိသတ်အများအပြား ရရှိထားတဲ့ Fan Channel တွေရဲ့ ရိုက်ခတ်မှုတွေကြောင့် မန်ချက်စတာ ယူနိုက်တက် ဟာ ကိုင်တွယ်ဖို့ မဖြစ်နိုင်တော့တဲ့ အသင်းတစ်သင်း ဖြစ်လာစေတယ်ဆိုတဲ့ အငြင်းပွားဖွယ်အမြင်တွေအပေါ် ကာရစ်ခ် က စကားတစ်ခွန်းတည်းနဲ့ပဲ “မဟုတ်ပါဘူး” လို့ တုံ့ပြန်ခဲ့ပါတယ်။
ဒါပေမဲ့လည်း ဘောလုံးသမားဟောင်းတွေနဲ့ ပရိသတ်တချို့က သူ့အသင်းအပေါ် ပြောဆိုထားတဲ့ ဝေဖန်ချက် တချို့ကိုတော့ ကာရစ်ခ် က သဘောမတူ လက်မခံခဲ့ပါဘူး။
သူ့အသင်းဟာ လုံလောက်အောင် မပြေးလွှားနိုင်သလို ဘောလုံးဆုံးရှုံးသွားချိန်မှာလည်း ပြိုင်ဘက်ကို ဖိအားပေးလိုက်လုတာ (Pressing လုပ်တာ) မျိုး မရှိဘူးဆိုတဲ့ အမြင်တွေအပေါ် သူက စိတ်အနှောင့်အယှက် ဖြစ်နေပါတယ်။
ဗုဒ္ဓဟူးနေ့တုန်းက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကိုမို အသင်းကို ၄-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲက အသင်းရဲ့ အလုံးစုံ စွမ်းဆောင်ရည်ဟာ “လက်ခံနိုင်စရာ မရှိဘူး” ဆိုတာကို ကာရစ်ခ် က အသိအမှတ်ပြုထားပါတယ်။
ဒါပေမဲ့ သူ့အသင်းက ပြိုင်ဘက်ကို ဖိအားပေးလိုက်လုတာမရှိဘူးဆိုတဲ့ ပြောဆိုချက်တွေကတော့ လက်တွေ့ကျကျ ဆန်းစစ်ကြည့်ဖို့ မဖြစ်နိုင်ဘူးလို့ သူက ယူဆထားပါတယ်။
“ပြေးလွှားမှု မရှိဘူး ဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့ လွယ်လွယ်ပြောနေတာမျိုးကို သတိထားဖို့ လိုပါတယ်” လို့ သူက ဆိုပါတယ်။
“ကျွန်တော်တို့ ကာလတစ်ခုအတွင်း ပွဲတွေအများကြီး အနိုင်ရခဲ့ဖူးပါတယ်။ ဒီ Pressing ဆိုတဲ့ ကိစ္စက ဘောလုံးလောကရဲ့ သေးငယ်တဲ့ အစိတ်အပိုင်း တစ်ခုပါပဲ။”
“Pressing လုပ်တယ်ဆိုတာကို အမျိုးမျိုး ခွဲခြား သတ်မှတ်ထားကြတာပါ။ တကယ်တော့ အဲဒါက ဘာလဲ၊ ဘာကြောင့် လုပ်နေတာလဲ၊ ကိုယ့်ရဲ့ အားသာချက်အတွက်လား၊ တခြားနေရာလွတ်တွေကို ဖာထေးဖို့အတွက်လား ဆိုတာတွေ ရှိပါတယ်။”
“လတ်တလောမှာတော့ ဒါကို ခေတ်စားနေတဲ့ စကားလုံးတစ်ခုလိုပဲ လွယ်လွယ်သုံးနေကြတာပါ။ ဘောလုံးပွဲတွေမှာ အနိုင်ရဖို့အတွက် ပြိုင်ဘက်ကို မဖြစ်မနေ Pressing လိုက်လုပ်နေစရာ မလိုပါဘူး။ တချို့ပွဲတွေမှာ လိုအပ်ပေမဲ့ တချို့ပွဲတွေမှာတော့ မလိုပါဘူး။”
“အပြေးအလွှားများတဲ့ ကိန်းဂဏန်း အချက်အလက်တွေကပဲ ဘောလုံးပွဲတစ်ပွဲလုံးကို ဆုံးဖြတ်ပေးတာ မဟုတ်ပါဘူး။”
“ပြီးခဲ့တဲ့ ရာသီတုန်းကနဲ့ ဒီရာသီရဲ့ တချို့ အချိန်တွေတုန်းက ကျွန်တော်တို့ လုပ်ဆောင်ခဲ့တဲ့ အရာတွေကို ပြန်ပြီး လုပ်ပြနိုင်ဖို့ပဲ လိုအပ်တာပါ” လို့ သူက ပြောသွားခဲ့ပါတယ်။
Source : https://www.bbc.com/




