နှစ်စဉ်ပေးအပ်ချီးမြှင့်တဲ့ ဘောလုံးလောကရဲ့ အမြင့်ဆုံးဆုပေးပွဲမှာတော့ အခုနှစ်အတွက် ဆုရရှိသူတွေ ထွက်ပေါ်လာခဲ့ပါပြီ။
- အမျိုးသား ဘာလွန်းဒီအောဆုရှင် – ဟယ်ရီကိန်း
- အမျိုးသမီး ဘာလွန်းဒီအောဆုရှင် – အလက်ဆီယာ ပူတဲလက်စ်
- အမျိုးသား တစ်နှစ်တာ အကောင်းဆုံးတိုက်စစ်မှူး – ဟယ်ရီကိန်း
- အမျိုးသမီး တစ်နှစ်တာ အကောင်းဆုံးတိုက်စစ်မှူး – ချာလင်း ကော်ရယ်
- အမျိုးသား တစ်နှစ်တာ အကောင်းဆုံးကလပ် – ပီအက်စ်ဂျီ
- အမျိုးသမီး တစ်နှစ်တာ အကောင်းဆုံးကလပ် – ဘာစီလိုနာ
- ဆိုကရေးတီးစ် လူမှုအကျိုးပြုဆုရှင် – ဆာကာ
- အမျိုးသား တစ်နှစ်တာ အကောင်းဆုံးဂိုးသမား – အူနိုင် ဆီမွန်
- အမျိုးသမီး တစ်နှစ်တာ အကောင်းဆုံးဂိုးသမား – ကာတာ ကောလ်
- အမျိုးသား တစ်နှစ်တာ အကောင်းဆုံးနည်းပြ – လူးဝစ် ဒီလာ ဖူယန်တေး
- အမျိုးသမီး တစ်နှစ်တာ အကောင်းဆုံးနည်းပြ – ပီရီ ရိုမူ
- အမျိုးသမီး တစ်နှစ်တာ အကောင်းဆုံး လူငယ်ကြယ်ပွင့်ဆု – ဗစ်ကီ လိုပက်ဇ်
- အမျိုးသား တစ်နှစ်တာ အကောင်းဆုံး လူငယ်ကြယ်ပွင့်ဆု – လာမင်း ယာမားလ်
“အနိမ့်အမြင့်အတက်အကျပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရတယ်”
DAZN သတင်းဌာနနဲ့ တွေ့ဆုံချိန်မှာ ဟယ်ရီကိန်း က “ဒီလောက်ထိရောက်လာမယ်လို့ လူအများစု ထင်ထားမှာမဟုတ်သလို၊ ကျွန်တော်ကိုယ်တိုင်လည်း ဒီလောက်ခရီးပေါက်မယ်လို့ ထင်မထားခဲ့ပါဘူး။ အထူးသဖြင့် ကစားသမားဘဝ အစောပိုင်းကာလတွေမှာ အနိမ့်အမြင့်အတက်အကျပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရပါတယ်။ အခုခေတ်က ကောင်လေးတချို့လိုမျိုး တစ်ချိန်မှာ စူပါစတားကြီးဖြစ်လာမယ်လို့ လူတွေမျှော်လင့်ခံရတဲ့သူမျိုး ကျွန်တော် ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးဘူး။
ကျွန်တော့်အနေနဲ့ အချိန်ယူစောင့်ဆိုင်းပြီး ကြိုးစားအားထုတ်ခဲ့ရပါတယ်။ အချိန်တော်တော်များများမှာ ကိုယ့်ရဲ့စိတ်နဲ့ကိုယ် တိုက်ပွဲဝင်ခဲ့ရပြီး ဒါကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့ရတာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ ခိုင်မာတဲ့စိတ်ပိုင်းဖြတ်မှုကို ပြသခဲ့ရပါတယ်။ ဒီအချက်တွေကပဲ ကျွန်တော့်ကို အမြင့်ဆုံးအဆင့်ထိ ရောက်သွားချိန်မှာတောင် ပိုပြီးတိုးတက်အောင်၊ ပိုကောင်းအောင် ဆက်လုပ်ဖို့ တွန်းအားဖြစ်စေခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော် ဘယ်လိုအောင်မြင်မှုတွေပဲ ရပါစေ၊ ဂိုးတွေဘယ်လောက်ပဲ သွင်းသွင်း၊ ဘာလွန်းဒီအောဆုကြီးပဲ ရပါစေ၊ အဓိကကတော့ အမြဲတမ်း ပိုကောင်းအောင် ကြိုးစားနေဖို့ပါပဲ။ အခုဆုရတာကလည်း အဲဒီကြိုးစားမှုရဲ့ ပြယုဂ်တစ်ခုပါပဲ” လို့ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။
တော်ဝင်မင်းသား ဝီလျံ ကလည်း ဟယ်ရီကိန်း ကို “ထူးချွန်တဲ့ အသင်းခေါင်းဆောင်တစ်ဦး ဖြစ်သလို စံပြကစားသမားကောင်းတစ်ယောက်ပါ” ဆိုပြီး ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
မင်းသားက “ဘာလွန်းဒီအောဆု ရရှိခဲ့တဲ့ ဟယ်ရီကိန်း အတွက် အရမ်းပဲ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ တကယ်ကို ခမ်းနားတဲ့ အောင်မြင်မှုဖြစ်သလို ဒီဆုနဲ့လည်း အပြည့်အဝ ထိုက်တန်ပါတယ်။ သူဟာ ထူးချွန်တဲ့ အသင်းခေါင်းဆောင်၊ အံ့ဩစရာကောင်းတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ကမ္ဘာတစ်ဝန်းက ဘောလုံးပရိသတ်တွေအတွက် ဘယ်တော့မှမမေ့နိုင်တဲ့ အခိုက်အတန့်တွေကို ဖန်တီးပေးခဲ့သူပါ” လို့ မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။
Source : https://www.bbc.com/




