ဝုဗ်အတွက် မကစားပေးနိုင်သေးခင် နက်တိုက အနုမြူကြွက်ကလေးဆိုတဲ့ အမည်ပြောင်ကို ရရှိခဲ့ဖူးပါတယ်။ ပေါ်တူဂီတောင်ပံကစားသမားက သူ့ရဲ့လျှင်မြန်လှတဲ့ပြေးအားနဲ့အတူ ပြိုင်ဘက်အပေါ်လှည့်စားနိုင်စွမ်း ကြီးမားခဲ့လို့ ကလေးဘဝကတည်းကကို အခုလိုချစ်စရာကောင်းတဲ့ အမည်ပြောင်မျိုး ရရှိခဲ့တာပါ။
နက်တိုရဲ့ငယ်ဆရာဖြစ်တဲ့ ဆူဆာက သူကိုယ်တိုင်နဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ မှော်ဆန်လွန်းတဲ့ကောင်လေးအတွက် အမည်ပြောင်တစ်ခု သတ်မှတ်ပေးထားခဲ့တယ်လို့ ရှင်းပြပါတယ်။
ဆူဆာက “အဲ့ဒီကာလတွေမှာ နက်တိုက သိပ်ပြီး မရင့်ကျက်သေးပါဘူး။ အသင်းဖော်တွေနဲ့ယှဉ်လိုက်ရင် သူက သေးသေးကွေးကွေးလေးပါပဲ။ ဒါပေမဲ့ မြန်နှုန်းနဲ့ပေါင်းစပ်ထားတဲ့ သူ့ရဲ့နည်းစနစ်ပိုင်းအရည်အသွေးတွေက နက်တိုအတွက် အနုမြူကြွက်ကလေးဆိုတဲ့အမည်ပြောင်ကို ရရှိစေခဲ့ပါတယ်။

ငယ်ငယ်လေးကတည်းက နက်တိုဆီမှာ ကိုယ်ရဲ့အမှတ်တံဆိပ်ကိုပေါ်လွင်စေမဲ့ အရာတစ်ခု ရှိခဲ့ပါတယ်။ သူက ကိုယ်ရည်ကိုယ်သွေးကောင်းမွန်တဲ့ကောင်လေးတစ်ယောက်ဖြစ်သလို ပြိုင်ဆိုင်လိုစိတ်ကြီးမားသူတစ်ဦးလည်း ဖြစ်ပါတယ်။
သူ့ရဲ့တစ်ဦးချင်းအရည်အသွေးအပေါ်မှာတော့ သံသယဖြစ်စရာ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ပရော်ဖက်ရှင်နယ်အားကစားသမားတစ်ဦးဖြစ်လာဖို့ကတော့ မိသားစုအပေါ်မှာလည်း မူတည်ပါတယ်။ ဒီနေရာမှာတော့ နက်တိုက မိဘတွေရဲ့ထောက်ပံ့ကူညီမှုကို ရရှိခဲ့ပါတယ်”လို့ ပြောပါတယ်။
ပြောရမယ်ဆိုရင် နက်တိုက အားကစားသမားမိသားစုမျိုးရိုးမှ ဆင်းသက်လာသူတစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့အစ်မတွေဖြစ်တဲ့ ဘရူနာနဲ့ ဒီဘိုရာတို့က နိုင်ငံ့အဆင့် ကျွမ်းဘားချန်ပီယံတွေ ဖြစ်ပါတယ်။
သူ့ရဲ့အမေ ခရစ္စတီနာဆိုရင်လည်း ဘော်လီဘောအားကစားလိုက်စားသူတစ်ဦးဖြစ်ပြီး ခရစ္စတီနာရဲ့အစ်ကို၊ နက်တိုရဲ့ဦးလေး ဆာဂျီယိုလွန်ဘာကတော့ ပေါ်တူဂီပြည်တွင်းမှာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားအဖြစ် ကျင်လည်ခဲ့ဖူးသူဖြစ်ပါတယ်။ လွန်ဘာက မိုဇမ်ဘစ်လက်ရွေးစင်အသင်းအတွက်လည်း တစ်ပွဲ ပါဝင်ကစားခဲ့ဖူးပါတယ်။

ဒါပေမဲ့ ချာတိတ်လေးနက်တိုကတော့ ဖခင်ဖြစ်သူရဲ့လမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းဖို့ ရည်မှန်းထားခဲ့ပုံရပါတယ်။ သူ့ရဲ့ဖခင် ပက်ဒရိုနက်တိုစီနီယာက ရိုလာဟော်ကီ(ရုံတွင်းဟော်ကီအားကစားနည်း) စတားတစ်ဦး ဖြစ်ပါတယ်။
ပေါ်တူဂီနိုင်ငံရဲ့အနောက်မြောက်ကမ်းရိုးတန်းဒေသရှိ လှပတဲမြို့တော် Viana do Castelo မှာ ကြီးပြင်းခဲ့တဲ့ နက်တိုက “ကျွန်တော့်မွေးရပ်မြေမှာဆိုရင် လူသိများထင်ရှားတဲ့ ရိုလာဟော်ကီကလပ်အသင်းတစ်ခု ရှိပါတယ်။ အဲ့ဒီကလပ်အသင်းက ပထမတန်းလိဂ်ချန်ပီယံဆုအတွက် အမြဲလိုလိုတိုက်ပွဲဝင်လေ့ရှိပါတယ်။
အသက်သုံးနှစ်အရွယ်မှာပဲ ကျွန်တော်က ရုံတွင်းဟော်ကီစကိတ်နဲ့ ရုံတွင်းဟော်ကီအားကစားနည်းကို ကစားနေပါပြီ။ ဘာကြောင့်လဲဆိုတော့ ဒီကစားနည်းကိုကစားချင်တယ်ဆိုရင် ငယ်ငယ်ရွယ်ရွယ်မှာပဲ ဟန်ချက်ကို ဘယ်လိုထိန်းရသလဲဆိုတာ သင်ယူထားဖို့ လိုအပ်လို့ပဲ ဖြစ်ပါတယ်။
အသက်-၁၃ နှစ်အရွယ်မှာ ကျွန်တော်က နိုင်ငံ့လက်ရွေးစင်အသင်းအတွက် အရည်အချင်းစစ်ဆေးမှုကို ခံယူခဲ့ပါတယ်။ အခြားသူတွေအကုန်လုံးကတော့ အသက်-၁၆ နှစ်အရွယ်တွေချည်းပါပဲ။ ကျွန်တော်ကတော့ အကောင်းဆုံးလုပ်ပြနိုင်ခဲ့ပါတယ်”လို့ ချဲလ်ဆီးအသင်းဝက်ဘ်ဆိုဒ်နဲ့တွေ့ဆုံချိန် ပြောပြခဲ့ပါတယ်။
ဒါပေမဲ့ နက်တိုက စကိတ်ကွင်းမှကျွမ်းကျင်မှုတွေကို ဘောလုံးကွင်းတွေဆီ ယူဆောင်လာနိုင်ခဲ့ပါတယ်။ ဆက်လက်ပြီး အသက်-၂၄ နှစ်အရွယ်တောင်ပံကစားသမားက “ပွဲကစားနေချိန် ကျွန်တော့်ကို ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်အမှန်တကယ်ပြေးနေချိန် ရှေ့ကိုကိုင်းညွှတ်နေတာကို မြင်တွေ့ရပါလိမ့်မယ်။
ဒါက ကမ္ဘာမြေဆွဲငင်အားရဲ့အနိမ့်ဆုံးဗဟိုချက်ဖြစ်ပါတယ်။ ဟော်ကီအားကစားနည်းမှာ ဘောလုံးကို ကာကွယ်ဖို့ တုတ်တံကို မြေကြီးပေါ်ချထားရတာကြောင့် ဟော်ကီအားကစားနည်းဆီမှ ဒီပညာကို ဘောလုံးဆီ ယူဆောင်လာနိုင်ခဲ့ပါတယ်။
ကျွန်တော်လှည့်လှည်သုံးစွဲခဲ့ရတဲ့နည်းစနစ်တွေက အများကြီးပါပဲ။ ဒါကြောင့် အဲ့ဒီနည်းစနစ်ပိုင်းတွေက ဘောလုံးမှာ ကျွန်တော့်အတွက် အထောက်အကူအများကြီးဖြစ်စေပါတယ်”လို့ ပြောပါတယ်။
နက်တိုက မြို့ခံကလပ်အသင်းနဲ့ အဆက်အသွယ်ရှိတဲ့ အငယ်တန်းကလပ်အသင်းတစ်ခုမှာ ဆူဆာရဲ့သင်ကြားမှုတွေနဲ့အတူ ပါဝင်ကစားခဲ့ပါတယ်။ ဆူဆာက “ဟော်ကီအားကစားနည်းက သူ့ကို အများကြီးကူညီပေးခဲ့ပါတယ်။ ကျွန်တော်တို့တွေက အားကစားသမားတစ်ဦးအတွက် ဟန်ချက်ညီမှုနဲ့ ကြံ့ခိုင်မှုပိုင်းအရည်အသွေးကို အမြင့်ဆုံးအဆင့်အထိ စမ်းသပ်လေ့ရှိတဲ့ မြန်နှုန်းမြင့်အားကစားနည်းတစ်ခုအကြောင်း ဆွေးနွေးနေကြတာပါ။
ဒီကစားနည်းမှာ ဦးတည်ချက်တွေ စဉ်ဆက်မပြတ်ပြောင်းလဲနေသလို ဆုံးဖြတ်ချက်တွေကို လျှင်လျှင်မြန်မြန်နဲ့ အကျိုးသက်ရောက်မှုရှိအောင် ချမှတ်နိုင်ဖို့အတွက် ပေးထားတဲ့ နေရာလွတ်တွေက အလွန်ကျဉ်းမြောင်းလှပါတယ်။
အရမ်းကောင်းတဲ့အခိုက်အတန့်တွေကို ကျွန်တော် မှတ်မိနေပါသေးတယ်။
တစ်ခုကတော့ နက်တိုရဲ့ဘိုင်စကယ်ကစ်သွင်းဂိုးနဲ့ နောက်တစ်ခုကတော့ ကွင်းလယ်ခံစစ်ဇုန်ကနေ နက်တို ဘောလုံးဆွဲပြေးပြီး ပြိုင်ဘက်ကစားသမားအားလုံးကိုလိမ်ခေါက်ကာ ဂိုးသမားကို ကျော်သွင်းလိုက်တဲ့ အခိုက်အတန့်ဖြစ်ပါတယ်။
၂၀၀၀ ပြည့်နှစ်ဖွား နက်တိုက သူ့ထက် တစ်နှစ်၊ နှစ်နှစ်လောက်ကြီးတဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ကစားခဲ့ရတာပါ။ နက်တိုပါဝင်တဲ့အသင်းက ဒေသတွင်းဖလားပြိုင်ပွဲတစ်ခုရဲ့ဆီမီးဖိုင်နယ်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့သလို ဒီအသင်းမှာ ပါဝင်သူတိုင်းကလည်း ပြိုင်ဘက်တွေထက် အတော်လေးငယ်ရွယ်ကြသူတွေ ဖြစ်ပါတယ်”လို့ ရှင်းပြပါတယ်။
ဒီနောက်မှာတော့ ဘင်ဖီကာ၊ စပို့တင်းလစ္စဘွန်း၊ ပေါ်တိုတို့ပြီးရင် ပေါ်တူဂီပြည်တွင်းဘောလုံးလောကရဲ့ အကြီးမားဆုံးကလပ်အသင်းဖြစ်တဲ့ ဘရာဂါက နက်တိုကို ခေါ်ယူဖို့ ဆက်သွယ်လာခဲ့ပါတယ်။
အသက်-၁၄ နှစ်အရွယ် နက်တိုကတော့ သူထူးချွန်တဲ့ အားကစားနည်းနှစ်မျိုးအနက် တစ်ခုကို မဖြစ်မနေရွေးချယ်ဖို့ လိုအပ်လာခဲ့ပါတယ်။ လူငယ်လေးက နောက်ဆုံးမှာတော့ ဘောလုံးကိုပဲ ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘာစီလိုနာအသင်းဘက်ကလည်း နက်တိုကိုခေါ်ယူဖို့ ကြိုးစားခဲ့ပေမဲ့ ဘရာဂါမှာပဲဆက်နေဖို့ ကစားသမားကိုယ်တိုင် ဆုံးဖြတ်ခဲ့ပါတယ်။ သူက အသက်-၁၇ နှစ်အရွယ်မှာပဲ နည်းပြအေဘယ်ဖာရဲရားလက်အောက် ဘရာဂါစီနီယာအသင်းအတွက် ပွဲဦးထွက်ပါဝင်ကစားခွင့် ရရှိခဲ့ပါတယ်။
လာဇီယိုနဲ့အတူ စိတ်ပျက်စရာအငှားကစားသမားဘဝကို ကျော်ဖြတ်ပြီးနောက် နက်တိုက ၂၀၁၉ ခုနှစ်မှာ ဝုဗ်အသင်းဆီ ရောက်ရှိလာခဲ့ပါတယ်။ Molineux မှာ ပြသတဲ့ သူ့ရဲ့စွမ်းဆောင်ရည်ကောင်းတွေကြောင့် အာဆင်နယ်အသင်းအပါအဝင် ထိပ်တန်းကလပ်အသင်းကြီးတွေရဲ့ချိတ်ဆက်မှုကို ရရှိခဲ့ပေမဲ့ ချဲလ်ဆီးကသာ အခုနှစ်နွေရာသီအပြောင်းအရွှေ့ကာလအတွင်း လက်ငင်းပြောင်းရွှေ့ကြေးပေါင် ၅၁ သန်းသုံးစွဲပြီး ကစားသမားကို အမိအရခေါ်ယူနိုင်ခဲ့ပါတယ်။
နက်တိုအတွက်တော့ မာရက်စ်ကာရဲ့အသင်းမှာ နေရာတစ်နေရာရရှိဖို့ ပေါ်တူဂီလက်ရွေးစင်အသင်းဖော် ဂျာအိုဖီးလစ်အပါအဝင် တိုက်စစ်ကြယ်ပွင့်တွေနဲ့ ယှဉ်ပြိုင်တိုက်ပွဲဝင်သွားရပါလိမ့်မယ်။
ဒါပေမဲ့ နက်တိုရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်လို့ လူငယ်ကစားသမားတွေရဲ့ဘောလုံးအရည်အသွေးအပေါ် အဓိကစောင့်ကြည့်လေ့လာနေတဲ့ EuroGestFootball အေဂျင်စီရဲ့လက်ရှိစီအီးအို ဆူဆာက “ဒါက ကလပ်အသင်းတစ်ခု အပြောင်းအလဲဖြစ်သွားတယ်ဆိုရုံပါပဲ။
ပရီးမီးယားလိဂ်ရဲ့ယှဉ်ပြိုင်မှုပုံစံတွေကတော့ သူ့အတွက် အတူတူပဲ ဖြစ်နေပါသေးတယ်။ဘယ်လောက်ပဲပြိုင်ဆိုင်မှုပြင်းထန်ပါစေ၊ နက်တိုအောင်မြင်နိုင်မယ်ဆိုတာ သေချာပါတယ်။
သူက မကြာခင်မှာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေအနက် တစ်ဦးအဖြစ် ထိပ်တန်းအဆင့်ဆီ ရောက်ရှိလာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ထားပါတယ်”လို့ ပြောပါတယ်။
Source : thesun.co.uk
#xda77 #xda77digital #နက်တို #ဝုဗ် #ပေါ်တူဂီ