လက်ရှိဗဟိုခံစစ်မှူးတွေနဲ့ဆိုရင် ချဲလ်ဆီးတို့ ဆုဖလားရဖို့ လုံးဝအခွင့်အရေးမရှိဘူးလို့ ဂျေမီ ကာရေဂါ ဝေဖန်

ချဲလ်ဆီး ဗဟိုခံစစ် ပြဿနာ

လက်ရှိဗဟိုခံစစ်မှူးအစုအဖွဲ့နဲ့ဆိုရင် ချဲလ်ဆီးအသင်းဟာ ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့ လုံးဝအခွင့်အရေးမရှိဘူးလို့ ဂျေမီ ကာရေဂါက ယုံကြည်နေပါတယ်။

စနေနေ့က စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ လိဒ်စ်ယူနိုက်တက်အသင်းကို ၄-၁ ဂိုးနဲ့ အိမ်ကွင်းမှာ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် ပရိသတ်တွေဟာ နည်းပြ ဇာဘီ အလွန်ဆိုနဲ့ ကစားသမားတွေအပေါ် စတင်မကျေမနပ် ဖြစ်လာခဲ့ကြပါတယ်။

ဒီရှုံးပွဲကြောင့် ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၈ နေရာကို ရောက်ရှိသွားခဲ့ပြီး ထိပ်ဆုံးလေးသင်းနဲ့ ၅ မှတ်အထိ ကွာဟသွားခဲ့ပြီ ဖြစ်ပါတယ်။

ယော့ခ်ရှိုင်းယားပြိုင်ဘက်နဲ့ ကစားခဲ့တဲ့ပွဲမှာ အနောက်လန်ဒန်ကလပ်အတွက် လီဗိုင်း ကိုးလ်ဝဲလ်နဲ့ ဝက်စ်လေ ဖိုဖာနာတို့က နောက်တန်းလေးယောက်ပုံစံမှာ ပွဲထွက်ကစားခဲ့ကြပြီး နွေရာသီခေါ်ယူမှုဖြစ်တဲ့ မက်ဆန့်စ် လာခရွိုက်ကတော့ နှစ်ကုန်ပိုင်းအထိ အနားယူရနိုင်တဲ့ တံကောက်ကြောဒဏ်ရာကြောင့် လွဲချော်နေပါတယ်။

“ချဲလ်ဆီးအသင်းမှာ ဗဟိုခံစစ်ပိုင်း ပြဿနာအကြီးကြီး ရှိနေပါတယ်။ ဇန်နဝါရီအပြောင်းအရွှေ့မှာသာ ဒါကို မပြင်ဆင်နိုင်ဘူးဆိုရင်တော့ သူတို့အတွက် အခက်တွေ့ပါလိမ့်မယ်” လို့ ကာရေဂါက Sky Sports ရုပ်သံမှာ ပြောကြားခဲ့ပါတယ်။

“ဒီရာသီ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ပတ်သက်ပြီး သူတို့ ရှိသင့်တယ်လို့ ယူဆထားတဲ့နေရာကို ရောက်ဖို့အတွက် ပြဿနာအကြီးကြီး ကြုံရတော့မှာပါ။”

“ဆန်းဒါးလန်းနဲ့ပွဲတုန်းက ဘရိုင်ယန် ဘရော့ဘီကို ပင်နယ်တီပေးခဲ့ရလို့ ပထမပိုင်းအပြီးမှာပဲ နည်းပြက ကိုးလ်ဝဲလ်ကို လူစားလဲခဲ့ပါတယ်။ မန်ယူနဲ့ပွဲတုန်းက ဖိုဖာနာရဲ့ ခြေစွမ်းဟာလည်း အထူးသဖြင့် ပထမပိုင်းမှာဆိုရင် ဒီရာသီ ဗဟိုခံစစ်မှူးတစ်ယောက်ဆီက မြင်ရသမျှထဲ အဆိုးရွားဆုံး ခြေစွမ်းတစ်ခုပါပဲ။”

“သူတို့နှစ်ယောက် တွဲဖက်ကစားတာက ဘယ်တော့မှ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကြံ့ခိုင်မှုပိုင်း အားနည်းသလို တကယ့်ခေါင်းဆောင်နိုင်စွမ်းလည်း မရှိကြလို့ပါ။”

“ကွင်းထဲမှာ အတွေ့အကြုံနုနယ်တဲ့ လူသစ်နှစ်ယောက် ကစားနေသလိုခံစားရပေမဲ့ တစ်ယောက်က ပေါင် ၇၅ သန်း တန်ကြေးရှိပြီး ကိုးလ်ဝဲလ်ဆိုရင်လည်း ချဲလ်ဆီးမှာတင်မကဘဲ နိုင်ငံတကာအဆင့်မှာပါ အမွှမ်းတင်ခံထားရသူ ဖြစ်ပါတယ်။”

လီဗာပူး နောက်ခံလူဟောင်းက ဆက်လက်ပြီး “သူတို့နှစ်ယောက်ဟာ နောက်တန်းလေးယောက်ပုံစံမှာ နှစ်ယောက်တွဲ ကစားလို့မရပါဘူး။ ဒါက လီဗာပူးမှာ ကျွန်တော်ကစားခဲ့တုန်းက အခြေအနေကို ပြန်သတိရစေပါတယ်။”

“အဲဒီတုန်းက ကျွန်တော်တို့ ခံစစ်ပိုင်းကို မပြင်ဆင်နိုင်ခဲ့လို့ အားနည်းတယ်လို့အမြင်ခံခဲ့ရပြီး တည်ကန်ဘောတွေနဲ့ အဝေးလက်ပစ်ဘောတွေကနေ ဂိုးတွေပေးခဲ့ရပါတယ်။ အရပ် ၆ ပေ ၄ လက်မရှိပြီး ခေါင်းဆောင်နိုင်စွမ်းပြည့်ဝတဲ့ ဗဟိုခံစစ်မှူးကောင်း ဆာမီ ဟစ်ပီးယားကို ခေါ်ယူနိုင်မှသာ ကျွန်တော်တို့အတွက် အရာအားလုံး ပြောင်းလဲသွားခဲ့တာပါ။”

“လက်ရှိရှိနေတဲ့ ကစားသမားတွေနဲ့တော့ ဒီအခြေအနေက ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ လာခရွိုက်က ကစားသမားကောင်း တစ်ယောက်ဆိုပေမဲ့ လာမဲ့ဇန်နဝါရီ အပြောင်းအရွှေ့ ဒါမှမဟုတ် ရာသီကုန်အထိ ယာယီဖာထေးရုံလောက်ပဲ ဖြစ်ပါလိမ့်မယ်။”

Source : https://www.standard.co.uk/

Leave a Reply

Your email address will not be published. Required fields are marked *