မန်ချက်စတာ ယူနိုက်တက် အသင်းက စာချုပ်သစ်ကမ်းလှမ်းထားပေမဲ့ အသင်းအနေနဲ့ နိုင်ပွဲတွေပြန်ရှာနိုင်ဖို့ အာရုံစိုက်စေချင်တာကြောင့် ဆွေးနွေးမှုတွေကို ခဏဆိုင်းငံ့ထားတယ်လို့ ဘရူနို ဖာနန်ဒက်စ် က အတည်ပြုပြောကြားလိုက်ပါတယ်။
ပေါ်တူဂီကွင်းလယ်လူ ဖာနန်ဒက်စ် ဟာ အသင်းရဲ့ ဒုတိယအကြိမ်မြောက် စာချုပ်သစ်ကမ်းလှမ်းမှုကို မကြာသေးခင်ကပယ်ချခဲ့ပေမဲ့ အသင်းဘက်ကတော့ သူ့ရဲ့အနာဂတ်အတွက် စိတ်အေးလက်အေးရှိနေတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ဖာနန်ဒက်စ် ရဲ့ လက်ရှိစာချုပ်ဟာ ရာသီကုန်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပေမဲ့ ယူနိုက်တက် ဘက်မှာ ၂၀၂၈ ခုနှစ် ဇွန်လအထိ တစ်နှစ်သက်တမ်းတိုးခွင့်ရှိနေသေးတာကြောင့် စာချုပ်သစ်အတွက် အချိန်ပိုရနိုင်ပါတယ်။
စာချုပ်ဆွေးနွေးမှုတွေ ရပ်တန့်နေတာဟာ ငွေကြေးနဲ့ စာချုပ်သက်တမ်းကြောင့် မဟုတ်ဘူးလို့ ဖာနန်ဒက်စ် က ပြောပါတယ်။
“လက်ရှိမှာ ဘာဆွေးနွေးမှုမှ မရှိပါဘူး။ ကျွန်တော်က ပိုက်ဆံပိုလိုချင်လို့၊ စာချုပ်နှစ်တိုးချင်လို့ဆိုပြီး ပြောနေကြတာတွေ တွေ့ပါတယ်။ ပိုက်ဆံသာပိုလိုချင်ရင် ဒီမှာ ရှိနေမှာ မဟုတ်ပါဘူး။ မန်ချက်စတာ ယူနိုက်တက် မှာ ရတာထက် အများကြီးပိုရမဲ့ နေရာကို သွားလို့ရခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။
“အသင်းက စာချုပ်သစ်ကမ်းလှမ်းခဲ့တာဟာ ကျွန်တော့်ကို ဆက်ရှိစေချင်တာကို ပြသလိုက်တာပါပဲ။ ဒါပေမဲ့ အခုချိန်မှာတော့ ဘာဆွေးနွေးမှုမှ မလုပ်သေးပါဘူး” လို့ ထပ်ပြောပါတယ်။
“မန်ချက်စတာ ထက် အများကြီး ပိုနွေးထွေးတဲ့ နေရာတစ်ခုမှာ ကျွန်တော် ရှိနေနိုင်ခဲ့တာပါ။”
“ပြီးခဲ့တဲ့ နွေရာသီတိုင်းမှာ ကျွန်တော့်မှာ ထွက်ခွာဖို့အခွင့်အရေးတွေ အမြဲရှိခဲ့ပေမဲ့ ဒီမှာပဲဆက်နေဖို့ ရွေးချယ်ခဲ့ပါတယ်။ အသင်းအပေါ် ဘယ်လောက်ဂရုစိုက်လဲ၊ ဒီအသင်းနဲ့အတူ ဘယ်လောက်အောင်မြင်ချင်လဲဆိုတာကို အမြဲပြသခဲ့ပြီးသားပါ။ အသင်းဘက်က ကျွန်တော် ထွက်ခွာသင့်ပြီလို့ ယူဆတဲ့အချိန်ကျရင်တော့ ထွက်ခွာသွားမှာပါ” လို့ ဖာနန်ဒက်စ် က ပြောပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၉ နဲ့ တန်းဆင်းဇုန်ထဲ ရောက်နေတဲ့ ယူနိုက်တက် အတွက် နိုင်ပွဲတွေပြန်ရဖို့က အဓိကဦးစားပေး ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
“ပြီးခဲ့တဲ့ ရာသီကုန်နဲ့ ဒီရာသီအစမှာ စာချုပ်ကိစ္စပြောဖြစ်ခဲ့ပေမဲ့ လက်ရှိအသင်းရဲ့အခြေအနေအရ ဒီကိစ္စကို ဘေးဖယ်ထားလိုက်ပါပြီ။ အခုအချိန်က စာချုပ်ကိစ္စ ပြောရမဲ့အချိန်မဟုတ်ဘဲ အသင်းနိုင်ပွဲတွေ ပြန်ရဖို့ကသာ အရေးအကြီးဆုံး ဖြစ်ပါတယ်” လို့ သူက ပြောကြားခဲ့ပါတယ်။
အာဂျင်တီးနားသား နည်းပြ ပိုချက်တီနို ကလည်း ဖာနန်ဒက်စ် ကို အသင်းခေါင်းဆောင်အဖြစ် ဆက်လက်ထားရှိမှာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။
“ဘရူနို ဟာ ကျွန်တော်တို့ရဲ့ အသင်းခေါင်းဆောင်ဖြစ်ပြီး အရမ်းအရေးပါတဲ့ ကစားသမားပါ။ ဒါပေမဲ့ အသင်းသားအားလုံးကလည်း ကိုယ့်ကိုယ်ကိုယ် အရေးပါတယ်လို့ ခံစားမိနေဖို့ လိုအပ်ပါတယ်” လို့ ပိုချက်တီနို က ပြောပါတယ်။
“ဘရူနို က ကျွန်တော်တို့ရဲ့ အဓိကကစားသမားဖြစ်တာကြောင့် အခြားကိစ္စတွေကိုတော့ နောက်ပိုင်းကျမှ ဆက်ဆွေးနွေးဖို့ အချိန်ရဦးမှာပါ” လို့ သူက ဆိုပါတယ်။
Source : https://africa.espn.com/




