ကစားသမားတွေကို ပံ့ပိုးပေးချင်တယ်လို့ မန်ယူနိုက်တက် ပထမဆုံးအင်တာဗျူးမှာ ပိုချက်တီနို ဖွင့်ဟ

မန်ယူနိုက်တက် နည်းပြသစ် ပိုချက်တီနို

မန်ချက်စတာ ယူနိုက်တက် ရဲ့ နည်းပြသစ်ဖြစ်လာပြီးနောက် ပထမဆုံးအကြိမ် လူသိရှင်ကြားအင်တာဗျူးမှာ မော်ရီစီယို ပိုချက်တီနို က ကစားသမားတွေအနေနဲ့ ကွင်းထဲမှာ အရည်အချင်းတွေကို အပြည့်အဝချပြနိုင်ဖို့ သင့်တော်တဲ့ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးသွားမှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

ပိုချက်တီနို ဟာ ပြီးခဲ့တဲ့ သောကြာနေ့က ယူနိုက်တက် နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတာပါ။ ယူနိုက်တက် ဘက်က သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေး ဒေါ်လာ ၁၀ သန်း (ပေါင် ၇.၄ သန်း) ကို ပေးချေခဲ့ပြီးနောက် အမေရိကန် အမျိုးသားလက်ရွေးစင်အသင်း နည်းပြရာထူးကနေ ထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်။

အသက် ၅၄ နှစ်အရွယ် နည်းပြဟာ ပရီးမီးယားလိဂ် အဆင့် ၁၈ နေရာ (တန်းဆင်းဇုန်) ရောက်နေပြီး သြဂုတ်လကတည်းက နိုင်ပွဲပျောက်ဆုံးနေတဲ့အသင်းကို တာဝန်ယူရမှာဖြစ်ပေမဲ့ လက်ရှိကစားသမားစာရင်းရဲ့ အရည်အသွေးကိုတော့ ချီးကျူးပြောဆိုခဲ့ပါတယ်။

“ကျွန်တော်တို့ရနိုင်တဲ့ အကောင်းဆုံးလူစာရင်းက လက်ရှိ ရှိနေတဲ့ ကစားသမားတွေပါပဲ။ သူတို့ကို ချစ်ခင်ပေးဖို့၊ ပံ့ပိုးပေးဖို့နဲ့ ခြေစွမ်းပြနိုင်ဖို့ လိုအပ်တာတွေအားလုံး ဖြည့်ဆည်းပေးဖို့ လိုပါတယ်” လို့ ပိုချက်တီနို က ဗုဒ္ဓဟူးနေ့ ကာရင်တန် လေ့ကျင့်ရေးကွင်းကို ရောက်ရှိပြီးနောက် အသင်းမီဒီယာနဲ့ ပထမဆုံးအင်တာဗျူးမှာ ပြောခဲ့ပါတယ်။

ပိုချက်တီနို ဟာ ၂၀၂၆-၂၇ ပရီးမီးယားလိဂ် ရာသီ ၁၀ ပွဲကစားအပြီးမှာ တစ်ပွဲသာ အနိုင်ရလို့ ထုတ်ပယ်ခံခဲ့ရတဲ့ မိုက်ကယ် ကာရစ် ရဲ့နေရာကို ဆက်ခံတာ ဖြစ်ပါတယ်။ အာဂျင်တီးနား နည်းပြရဲ့ ပထမဆုံး ပွဲဦးထွက်အဖြစ် တနင်္ဂနွေနေ့မှာ လီဗာပူး အသင်းနဲ့ အဝေးကွင်း သွားရောက်ရင်ဆိုင်ရမှာပါ။

ယူနိုက်တက် အလုပ်ကို ဘာကြောင့်စိတ်ဝင်စားခဲ့လဲလို့ မေးမြန်းရာမှာ ပိုချက်တီနို က “လက်ရှိ အခြေအနေကိုပဲ ကြည့်နေတာက အမှားတစ်ခုလို့ ထင်ပါတယ်။ ဒီကလပ်ရဲ့ အလားအလာကိုပဲ ကြည့်ဖို့လိုပါတယ်။ အခြေအနေတွေအတွက် ကျွန်တော်တို့ တာဝန်ယူရမှာဖြစ်သလို တစ်ဖက်မှာလည်း ဒါဟာ ဘောလုံးကစားပွဲတစ်ခု ဖြစ်တာကြောင့် လွတ်လပ်ပေါ့ပါးတဲ့ ခံစားချက်ရှိမှ ကစားပွဲနဲ့ အချိတ်အဆက် မိမှာပါ” လို့ ပြန်ဖြေခဲ့ပါတယ်။

“ကစားသမားတွေ သူတို့ရဲ့ အရည်အချင်းကိုထုတ်ပြနိုင်ဖို့ သင့်တော်တဲ့ ပတ်ဝန်းကျင်နဲ့ အခြေအနေကောင်းကို ဖန်တီးပေးရပါမယ်။

“ဒါဟာ အရေးအကြီးဆုံး အရာဖြစ်ပြီး သူတို့နဲ့အတူ လက်တွဲလုပ်ဆောင်ရင်း ဖိအားတွေကို လျှော့ချပေးဖို့က လက်ရှိ ကျွန်တော်တို့ရဲ့ ဦးစားပေးပါပဲ။

“ဖိအားနဲ့ တာဝန်ယူမှုဆိုတာ ခွန်အားတွေ ဖြစ်လာစေရပါမယ်။ မဟုတ်ရင်တော့ အဲဒီဖိအားတွေက ကျောပေါ်မှာ အရမ်းလေးလံနေပါလိမ့်မယ်။

“လွတ်လပ်မှုနဲ့ ပျော်ရွှင်မှုကို ခံစားရပြီး အသင်းဖော်တွေ၊ မိသားစုတွေ၊ ကလပ်အသင်းနဲ့ ပရိသတ်တွေအတွက် ကစားပေးချင်စိတ် ရှိလာတဲ့အခါ ကိုယ့်အရည်အချင်းကနေတစ်ဆင့် ပွဲနဲ့အချိတ်အဆက် မိသွားမှာပါ။ ဒါကို ကျွန်တော်တို့ အတူတကွ ဖန်တီးယူရပါမယ်” လို့ သူက ဆိုပါတယ်။

ရလဒ်တွေ ဆိုးရွားခဲ့ပေမဲ့ ယူနိုက်တက် ပရိသတ်တွေကြားမှာ ကာရစ် အပေါ် လေးစားမှုအများကြီးရှိခဲ့သလို ပိုချက်တီနို အနေနဲ့လည်း ပရိသတ်တွေနဲ့ ခိုင်မာတဲ့ ရင်းနှီးမှု တည်ဆောက်နိုင်ဖို့ မျှော်လင့်နေပါတယ်။

ပိုချက်တီနို က ဆာ အဲလက်စ် ဖာဂူဆန် အပေါ် လေးစားအားကျမှုနဲ့ ၁၉၉၉ ခုနှစ် ဘာစီလိုနာ မှာ ယူနိုက်တက် ဖလားသုံးလုံး ရခဲ့တာကို ကြည့်ရှုခဲ့ရတဲ့ အမှတ်တရတွေကို ပြောပြခဲ့ပါတယ်။ ဒါ့အပြင် လီဗာပူး နဲ့ ပြိုင်ဆိုင်မှုရဲ့ အရေးပါပုံကိုလည်း ပြောကြားခဲ့ပြီး အန်ဖီးလ် ကွင်းကို နိုင်ပွဲယူမယ်ဆိုတဲ့ စိတ်ဓာတ်၊ ရဲရင့်မှုတွေနဲ့ သွားရောက်ကစားဖို့ ဆန္ဒရှိကြောင်း ပြောခဲ့ပါတယ်။

ပရိသတ်တွေဆီက ဘာတွေ မျှော်လင့်ထားလဲလို့ မေးမြန်းရာမှာတော့ “ကျွန်တော် ဘာမှ တောင်းဆိုမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ပရိသတ်တွေဆီကပဲ အမြဲတမ်း တောင်းဆိုနေကြတာ များပါတယ်။ တကယ်တော့ ပရိသတ်တွေဆီက မတောင်းဆိုခင် ကျွန်တော်တို့ဘက်က အရင်ပေးဆပ်ဖို့ လိုပါတယ်” လို့ ဖြေကြားသွားခဲ့ပါတယ်။

Source : https://www.nytimes.com/

Leave a Reply

Your email address will not be published. Required fields are marked *