မန်ချက်စတာယူနိုက်တက်မှာ ကစားခဲ့စဉ်က ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့အထိ တွေးခဲ့ဖူးကြောင်း ဝိန်း ရွန်နီ ဖွင့်ဟ

ဝိန်း ရွန်နီ မန်ချက်စတာယူနိုက်တက်

ဝိန်း ရွန်နီ က မန်ချက်စတာယူနိုက်တက် မှာ ကစားခဲ့တဲ့ အချိန်တွေတုန်းက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့အထိ စဉ်းစားခဲ့ဖူးတယ်လို့ ပြောကြားလိုက်ပါတယ်။

ရွန်နီ ဟာ ယူနိုက်တက် အတွက် ၅၅၉ ပွဲ ကစားပြီး ၂၅၃ ဂိုး သွင်းယူကာ အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ခဲ့ပေမဲ့ သူ့ရဲ့ကစားသမားဘဝ အပျော်ရွှင်ရဆုံးဖြစ်သင့်တဲ့ အချိန်တွေဟာ သူ့ရဲ့တစ်ကိုယ်ကောင်းဆန်တဲ့ လုပ်ရပ်တွေကြောင့် အနိမ့်ကျဆုံး အချိန်တွေ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်မှာ ကစားသမားဘဝကနေ အနားယူခဲ့ပြီး နည်းပြအဖြစ် နှစ်အနည်းငယ်လုပ်ကိုင်ပြီးနောက် လက်ရှိမှာ ဘောလုံးသုံးသပ်သူအဖြစ် အဓိကလုပ်ကိုင်နေတဲ့ အသက် ၄၁ နှစ်အရွယ် ရွန်နီ ဟာ ကစားသမားဘဝတုန်းက စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ဖို့ အရက်ကို အသုံးပြုခဲ့တဲ့အကြောင်း အရင်ကလည်း ထုတ်ပြောခဲ့ဖူးသလို လူငယ်ကစားသမားတွေအနေနဲ့ စိတ်ကျန်းမာရေး ပြဿနာတွေရှိလာရင် ကျွမ်းကျင်ပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။

အင်္ဂါနေ့က ထုတ်လွှင့်ခဲ့တဲ့ Life at the Midpoint ပေါ့ဒ်ကတ်စ်မှာ ရွန်နီ က လက်ရှိ အသက် ၁၇ နှစ်ရှိပြီဖြစ်တဲ့ သူ့ရဲ့ သားဖြစ်သူ ကိုင် မွေးဖွားချိန်ဝန်းကျင်တုန်းက အရာအားလုံးကို ရင်ဆိုင်ဖြေရှင်းဖို့ ရုန်းကန်နေရတာကြောင့် စိတ်ရောဂါကုထုံးပညာရှင်တစ်ဦးနဲ့ စကားပြောဆို တိုင်ပင်ခဲ့ရတယ်လို့ ပြောပြခဲ့ပါတယ်။

“ပြန်တွေးကြည့်ရင် ကျွန်တော် တစ်ကိုယ်ကောင်းဆန်ခဲ့တယ်လို့ပြောလို့ရပေမဲ့ အဲဒီအချိန်တုန်းက ကျွန်တော် တကယ်ကို ရင်ဆိုင်ဖို့ ခက်ခဲနေတဲ့ အခြေအနေတစ်ခုကို ဖြတ်သန်းနေရတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သိနေခဲ့ပါတယ်။ ကိုင် ကို ကျွန်တော့်ရဲ့ အဲဒီလို ပုံစံမျိုး မမြင်စေချင်ဘူး၊ အဲဒါကြောင့်လည်း လူတွေနဲ့ ဝေးရာမှာ ပုန်းနေခဲ့တာပါ” လို့ ရွန်နီ က ပြောပါတယ်။

“ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့အထိတွေးမိတဲ့ အခြေအနေမျိုးကို ရောက်ခဲ့တာပါ။ ဘယ်သူ့အနားမှာမှ မနေချင်တော့ဘူး၊ လမ်းပေါ်မှာ လူတွေကို မမြင်ချင်ဘူး၊ ဈေးဆိုင်တွေထဲလည်း မသွားချင်တော့ပါဘူး။

ကျွန်တော်က ဘောလုံးကွင်းထဲမှာ လေ့ကျင့်ခန်းဆင်းနေချိန် ဒါမှမဟုတ် ပွဲကစားနေချိန်တွေမှာ အမြဲတမ်း သက်သောင့်သက်သာ ရှိပေမဲ့ တခြားအရာအားလုံးကို ရင်ဆိုင်ဖို့ကျတော့ တကယ်ကို ရုန်းကန်ခဲ့ရပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ရွန်နီ ဟာ အသက် ၁၆ နှစ်အရွယ်မှာ အဲဗာတန် အသင်းအတွက် ပထမဆုံး ပရော်ဖက်ရှင်နယ် ပွဲဦးထွက် ကစားခဲ့ပြီးနောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဖိအားတွေကနေ ထွက်ပေါက်တစ်ခုအဖြစ် အရက်ကိုအသုံးပြုခဲ့တဲ့အကြောင်း အရင်ကလည်း ပြောဖူးပါတယ်။

“တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် ရှက်ရွံ့သလိုခံစားရပြီး တစ်ခါတလေကျတော့ လူတွေကို စိတ်ပျက်အောင်လုပ်မိပြီလို့ ခံစားရတာကြောင့် လူတွေအနားမှာ မနေချင်ခဲ့တာပါ” လို့ ၂၀၂၃ ခုနှစ်တုန်းက သူ ပြောခဲ့ဖူးပါတယ်။

“နောက်ဆုံးတော့ တခြားဘယ်လို နည်းလမ်းနဲ့ ဖြေရှင်းရမှန်း မသိတော့တာနဲ့ အဲဒီအခြေအနေတွေကို ကျော်ဖြတ်နိုင်ဖို့ အရက်ကိုပဲ ရွေးချယ်ခဲ့မိပါတယ်”။

ရွန်နီ က နွေရာသီ အမျိုးသား ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘောလုံးသုံးသပ်သူအဖြစ် မလုပ်ကိုင်ခင် စိတ်ကြည်လင်နေစေဖို့ အရက်ဖြတ်ခဲ့ပြီး သူဟာ အမြဲတမ်း အရက်သောက်ခဲ့သလို အရက်က သူ့ပတ်ဝန်းကျင်မှာ အမြဲရှိနေခဲ့ပေမဲ့ ဖြတ်ရတာ ထင်ထားတာထက် ပိုလွယ်ကူခဲ့တယ်လို့ ဆိုပါတယ်။

အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်းက အရက်ဖြတ်လိုက်တာဟာ သူ့ရဲ့ ကျန်းမာရေး ပိုမိုကောင်းမွန်လာစေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်တယ်လို့လည်း ပြောပါတယ်။ “အခုဆိုရင် အရင်ကထက် ကျန်းမာရေးနဲ့ အညီညွတ်ဆုံး အစားအစာတွေကို စားနေပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နေပါပြီ” လို့ သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

“ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း သတိထားမိနေတတ်သလို ကိုယ်အလေးချိန်နဲ့ ရုပ်ရည်သွင်ပြင်ကိုလည်း အမြဲဂရုစိုက်တတ်ပါတယ်။ အခုတော့ အရာအားလုံး နေသားတကျဖြစ်လာပြီး အရင်ကထက် ပိုနေလို့ကောင်းလာသလို ပိုကြည့်ကောင်းလာတာကိုလည်း ကိုယ့်ကိုယ်ကိုယ် သိနေပါတယ်။

လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်မိတော့ အသက် ၅၀ လောက် ရုပ်ပေါက်နေပြီလို့တွေးမိပြီး ကိုယ့်ဘဝကိုယ် ပြန်တည့်မတ်ဖို့လိုပြီဆိုတာ သဘောပေါက်ခဲ့ပါတယ်” လို့ ရွန်နီ က ပြောပြခဲ့ပါတယ်။

Source : https://www.nytimes.com/

Leave a Reply

Your email address will not be published. Required fields are marked *