ချဲလ်ဆီးကို အဝေးကွင်းမှာ ၄-၁ နဲ့ အပြတ်အသတ်အနိုင်ယူပြီး နည်းပြ ဇာဘီ အလွန်ဆိုကို ဖိအားတွေ ပိုတိုးစေခဲ့တဲ့ လိဒ်စ်ယူနိုက်တက်

ချဲလ်ဆီးနှင့် လိဒ်စ် ပွဲရလဒ်

လိဒ်စ် အသင်းဟာ ချဲလ်ဆီး ကို အကောင်းဆုံးခြေစွမ်းနဲ့ အံ့အားသင့်ဖွယ် ၄-၁ ဂိုးနဲ့ အပြတ်အသတ် အနိုင်ယူပြီး နည်းပြ ဇာဘီ အလွန်ဆို အပေါ် ဖိအားတွေ ပိုမိုမြင့်တက်လာစေခဲ့ပါတယ်။

ချဲလ်ဆီး အသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲမြောက် ရှုံးပွဲကြုံတွေ့ခဲ့ရပြီး အဆင့် ၈ နေရာအထိ ဆင်းပေးခဲ့ရတာကြောင့် ပထမပိုင်းအပြီးနဲ့ ပွဲအပြီးတွေမှာ ပရိသတ်တွေရဲ့ လှောင်ပြောင်အော်ဟစ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရသလို လိဒ်စ် အတွက်ကတော့ ၁၉၉၉ ခုနှစ်နောက်ပိုင်း စတန်းဖို့ဒ်ဘရစ်ချ် ကွင်းမှာ ပထမဆုံးအကြိမ် နိုင်ပွဲပြန်လည်ရရှိခဲ့တာ ဖြစ်ပါတယ်။

အလွန်ဆို ရဲ့ အသင်းဟာ ကာရာဘောင်ဖလား ပြိုင်ပွဲကနေလည်း ထွက်ခွာခဲ့ရပြီး ဒီရာသီမှာ ဥရောပပြိုင်ပွဲ ကစားခွင့်လည်းမရှိတော့သလို အခုဆိုရင် ၆၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြို့ခံပြိုင်ဘက်တွေဖြစ်တဲ့ လိဒ်စ် နဲ့ တော့တင်ဟမ် တို့ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ရပါတယ်။

အီမန်နျူရယ် အီမီဂါ က သူ့ရဲ့ ပထမဆုံး ပွဲထွက်ကစားခွင့်ရတဲ့ပွဲမှာပဲ အိမ်ရှင်အသင်းအတွက် ပထမပိုင်းဦးဆောင်ဂိုး သွင်းယူပေးခဲ့ပေမဲ့ ပထမပိုင်းမပြီးခင်မှာပဲ နိုအာ အိုကာဖော က လိဒ်စ် အတွက် ထိုက်ထိုက်တန်တန် ချေပဂိုး ပြန်သွင်းယူခဲ့ပြီး ဒုတိယပိုင်းမှာတော့ လိဒ်စ် တို့ ဂိုးမိုးရွာသွန်းခဲ့တာပါ။

ဒိုမီနစ် ကယ်လ်ဗတ်-လီဝင် က ပင်နယ်တီကနေတစ်ဆင့် ဧည့်သည်အသင်းကို ဦးဆောင်စေခဲ့ပြီး အိုကာဖော က ဒုတိယဂိုးကို အပြင်းကန်သွင်းယူခဲ့သလို ဘရန်ဒန် အာရွန်ဆန် က အကောင်းဆုံး အဝေးကွင်းနိုင်ပွဲကို အဆုံးသတ်ဂိုး သွင်းယူပေးခဲ့တာကြောင့် လိဒ်စ် အသင်းဟာ အဆင့် ၆ နေရာအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။

ချဲလ်ဆီး ရဲ့ လိဂ်ရှုံးပွဲ ၅ ပွဲမှာ ၄ ပွဲဟာ ဒဏ်ရာရနေတဲ့ ဂျိုအာအို ပက်ဒရို မပါဝင်နိုင်ချိန်မှာ ကြုံတွေ့ခဲ့ရတာဖြစ်ပြီး အီမီဂါ က အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့ပေမဲ့ ပက်ဒရို မရှိခြင်းရဲ့ အကျိုးသက်ရောက်မှုကို ထပ်မံခံစားခဲ့ရပါတယ်။ ၃ ပွဲမြောက် ပါဝင်ကစားခွင့်ရခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးဟာ ဘောလုံးပံ့ပိုးမှု သိပ်မရခဲ့ပေမဲ့ ဂိုးသမား ဂျိမ်းစ် ထရက်ဖို့ဒ် ရဲ့ အနီးတိုင်ထောင့်ထဲကို အမိအရ ကန်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ဂိုးဟာ မွိုက်စ် ကိုင်စီဒို ပြင်းပြင်းထန်ထန်လဲကျပြီး ဒဏ်ရာကြောင့် လူစားလဲခံရအပြီးနဲ့ ကယ်လ်ဗတ်-လီဝင် ရဲ့ ခေါင်းတိုက်ချက် ဂိုးဘားတန်းထိထွက်ခဲ့အပြီး ကစားကွက်အသာမရဘဲ ရှိနေချိန်မှာ ရရှိခဲ့တာဖြစ်ပေမဲ့ လိဒ်စ် က ၃ မိနစ်အတွင်းမှာပဲ ချေပဂိုး ပြန်သွင်းနိုင်ခဲ့ပါတယ်။

ကယ်လ်ဗတ်-လီဝင် ဖန်တီးပေးလိုက်တဲ့ ဘောလုံးကို အိုကာဖော က ဂိုးဧရိယာထဲမှာ ချဲလ်ဆီး နောက်ခံလူ ၃ ယောက် ဝိုင်းရံနေတဲ့ကြားကပဲ လီဗိုင်း ကိုးလ်ဝဲလ် ရဲ့ ခြေထောက်ကြားကနေ ဘယ်ခြေနဲ့ အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ ဂိုးသမား အီမီ မာတီနက်ဇ် ကို ကျော်ဖြတ်ပြီး ညာဘက်အောက်ထောင့်ထဲ ဝင်သွားခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး ပွဲပြီးဆုံးတဲ့အထိ လိဒ်စ် ကပဲ ပွဲကို စိုးမိုးသွားခဲ့တာပါ။ ပထမပိုင်းမပြီးခင်မှာပဲ ကယ်လ်ဗတ်-လီဝင် ရဲ့ ကန်ချက် ဂိုးတိုင်ဘေးကပ်ထွက်ခဲ့သလို ခေါင်းတိုက်ချက်ကိုလည်း ဂိုးသမားကာကွယ်နိုင်ခဲ့ပြီး တာရစ် မူဟာရီမိုဗစ် ရဲ့ သွင်းဂိုးကလည်း လူကျွံဘောအဖြစ် ပယ်ဖျက်ခံခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ ချဲလ်ဆီး ရဲ့ ကစားပုံက ပိုလို့တောင် ဆိုးရွားသွားခဲ့ပါတယ်။

ဂိုးပေါက်မှာ မာတီနက်ဇ် ပြန်လည်ပါဝင်လာမှုက မတည်ငြိမ်တဲ့ ခံစစ်ကြောင်းကို ဘာမှမကူညီနိုင်ခဲ့ဘဲ ဒုတိယပိုင်း ပြန်စတာနဲ့ ဖိအားတွေအောက်ရောက်ခဲ့ရပြီး ဂျေဒန် ဘိုဂယ်လ် ရဲ့ အပြင်းကန်ချက် မော်ဂန် ရော်ဂျာစ် ရဲ့ ညာလက်မောင်းကို ထိခဲ့တာကြောင့် ကွင်းလယ်ဒိုင် မိုက်ကယ် အိုလီဗာ က ပင်နယ်တီ သတ်မှတ်ပေးခဲ့ပါတယ်။ VAR နဲ့ အချိန်အတော်ကြာ ပြန်လည်စစ်ဆေးအပြီး ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကိုအတည်ပြုပေးခဲ့ချိန်မှာတော့ ကယ်လ်ဗတ်-လီဝင် က မာတီနက်ဇ် ကို လှည့်စားပြီး အပိုင်ကန်သွင်းယူသွားခဲ့ပါတယ်။

ချဲလ်ဆီး အသင်းဟာ ပွဲထဲကို ပြန်လာနိုင်မဲ့ အရိပ်အယောင် တစ်ချက်မှ မပြနိုင်ခဲ့ဘဲ မကြာခင်မှာပဲ လိဒ်စ် က တတိယဂိုး ထပ်မံသွင်းယူခဲ့ပါတယ်။ ညာတောင်ပံကနေ အီသန် အမ်ပါဒူ ဖြတ်တင်ပေးလိုက်တဲ့အနိမ့်ဘော လူထိပြီး ဂိုးရှေ့မြောက်တက်လာတာကို ၅၈ မိနစ်မှာ အိုကာဖော က အနီးကပ် မြေမကျကန်ချက်နဲ့ ဘယ်ဘက်အပေါ်ထောင့်ထဲ အပြင်းကန်သွင်းယူသွားခဲ့တာပါ။

အိမ်ရှင်ပရိသတ်တွေ ကွင်းထဲကနေ ထွက်ခွာဖို့ စောနေသေးပေမဲ့ ချဲလ်ဆီး ကစားသမားတွေ ဘောလုံးပျက်တိုင်း ညည်းညူသံတွေ ထွက်ပေါ်နေခဲ့ပြီး အလွန်ဆို ရဲ့ လူစားလဲမှုတွေကိုလည်း အနည်းငယ်လှောင်ပြောင်ခဲ့ကြသလို နာကျင်အချိန်ပိုမှာ အာရွန်ဆန် က စတုတ္ထဂိုး သွင်းယူလိုက်ချိန်မှာတော့ ပရိသတ်တွေ အစုလိုက်အပြုံလိုက် ကွင်းထဲကနေ ထွက်ခွာသွားခဲ့ကြပါတယ်။

Source : https://www.skysports.com/

Leave a Reply

Your email address will not be published. Required fields are marked *