အမ်းမရိတ်စ် ကွင်းကြီးထဲမှာ ဂိုးပေါက်ကန်သွင်းမှု အကြိမ် ၃၀ အထိ ဖန်တီးနိုင်ခဲ့ပေမဲ့ ဘိုရပ်ရှား ဒေါ့မွန် ကို ၁-၁ ဂိုးနဲ့ သရေကျခဲ့ပြီး အနိုင်မယူနိုင်ခဲ့တဲ့အပေါ် အာဆင်နယ် နည်းပြ မီခေးလ် အာတီတာ က မယုံနိုင်စရာ ဖြစ်ရကြောင်း ညည်းညူသွားပါတယ်။
အင်္ဂါနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ် ပွဲချိန် ၁၀ မိနစ်မှာ ဗစ်တာ ယောကရက်စ် က အာဆင်နယ် အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပေမဲ့ ဒုတိယပိုင်းမှာ မက်ဆီမီလီယန် ဘိုင်ယာ ရဲ့ ချေပဂိုးကြောင့် နယူးကာဆယ် နဲ့ ၂-၂ သရေကျခဲ့တဲ့ ပွဲစဉ်အပြီး နှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ရတာပါ။
အာဆင်နယ် အသင်းဟာ တိုင်သုံးကြိမ်အထိ ထိမှန်ခဲ့သလို ပွဲပြီးခါနီး ၁၅ မိနစ်အလိုမှာလည်း ဗစ်တာ ယောကရက်စ် တစ်ယောက် ၆ ကိုက်အကွာကနေ ခေါင်းတိုက်လွဲချော်ခဲ့လို့ အဖိုးတန် အခွင့်အရေးတစ်ခုဆုံးရှုံးခဲ့ရပြီး တစ်ပွဲလုံးမှာ ဂိုးပေါက်တည့်မှု လေးကြိမ်သာ ရှိခဲ့ပါတယ်။
ဘွန်ဒက်စ်လီဂါ ထိပ်ဆုံးက အသင်းကို လွှမ်းမိုးကစားနိုင်ခဲ့တဲ့ အသင်းရဲ့စွမ်းဆောင်ရည်ကို မီခေးလ် အာတီတာ က ကျေနပ်ပေမဲ့ ရသင့်တဲ့ ရလဒ် မရခဲ့တဲ့အပေါ် ပြန်လည်သုံးသပ်နေရပါတယ်။
“ဒါဟာ အရမ်းကောင်းမွန်တဲ့ စွမ်းဆောင်ရည်ပါ။ ပြိုင်ဘက်အသင်းရဲ့ အဆင့်အတန်းကို ထည့်တွက်ကြည့်ရင် ကျွန်တော်တို့ ကစားသွားတဲ့ ပုံစံအတွက် အရမ်းကျေနပ်မိပါတယ်။ ဒီထက်ပိုပြီးလည်း အသင်းဆီကတောင်းဆိုစရာ သိပ်မရှိတော့ပါဘူး။ ဒါပေမဲ့ ဒီလိုခြေစွမ်းမျိုးပြသပြီး အခွင့်အရေးတွေ အများကြီးရခဲ့ချိန်မှာ ဒီထက်ပိုပြီး ထိုက်တန်တဲ့ဆုလာဘ်ကို ရသင့်ပါတယ်။ ကံတရားပိုင်းလည်း ပါသလို ကျွန်တော်တို့ဘက်က အဆုံးသတ်ပိုင်း ပိုကောင်းဖို့လည်း လိုအပ်ခဲ့ပါတယ်။ ကျွန်တော်တို့ ဘယ်လောက်အထိ အသာစီးရပြီး ခြိမ်းခြောက်နိုင်ခဲ့လဲဆိုတာ မေးခွန်းထုတ်စရာ မလိုပါဘူး။ ကြည့်လို့အရမ်းကောင်းခဲ့ပေမဲ့ ဘောလုံးက ဂိုးပေါက်ထဲ မဝင်သွားတာကတော့ မယုံနိုင်စရာပါပဲ” လို့ သူက ပြောပါတယ်။
ဒီသရေပွဲကြောင့် မနှစ်က ဗိုလ်လုပွဲတက်ခဲ့တဲ့ အာဆင်နယ် ဟာ ချန်ပီယံလိဂ် ရှုံးပွဲမရှိစံချိန်ကို ပွဲ ၂၀ အထိ ဆက်ထိန်းနိုင်ခဲ့ပေမဲ့ အိမ်ကွင်း ၁၂ ပွဲဆက် နိုင်ပွဲစံချိန်ကတော့ ရပ်တန့်သွားခဲ့ပါတယ်။ လက်ရှိမှာ အဆင့် ၅ နေရာမှာရှိနေပြီး ထိပ်ဆုံး ၈ သင်းက ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။
ဒီပွဲမှာ ဒေးဗစ် ရာယာ ရဲ့ နေရာမှာ ဂိုးသမား ကီပါ အာရီဇာဘာလာဂါ ပွဲထွက်ခွင့်ရခဲ့ပြီး စနေနေ့က နယူးကာဆယ် နဲ့ ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ဒေးဗစ် ရာယာ အနေနဲ့ ဒီတစ်ပတ် မန်ချက်စတာစီးတီး နဲ့ ပွဲကို ပါဝင်နိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမယ်လို့ မီခေးလ် အာတီတာ က ဆိုပါတယ်။
အာဆင်နယ် က ကန်သွင်းခွင့်တွေ အများကြီး ရခဲ့ပေမယ့် ဘိုရပ်ရှား ဒေါ့မွန် ဘက်က ဂျို့ဘ် ဘယ်လင်ဂမ် ရဲ့ ဂိုးတစ်ဂိုး လူကျွံဘောကြောင့် ပယ်ဖျက်ခံခဲ့ရသလို ဒုတိယပိုင်း ထောင့်ကန်ဘောကနေ ဗစ်တာ ယောကရက်စ် လက်ထိခဲ့တာကို ပင်နယ်တီမပေးခဲ့တဲ့အပေါ် ဘိုရပ်ရှား ဒေါ့မွန် နည်းပြ နီကို ကိုဗက် က VAR ပြန်စစ်သင့်တယ်လို့ဝေဖန်ခဲ့ပေမဲ့ အဝေးကွင်းမှာရခဲ့တဲ့ တစ်မှတ်အတွက် ကျေနပ်ကြောင်း ပြောကြားသွားပါတယ်။
Source : https://www.espn.com.sg/




