ရီးရဲလ်မက်ဒရစ်နည်းပြ ကားလို့စ်အန်ဆယ်လော့တီက ဒီရာသီမှာ အသင်းရဲ့ကွင်းလယ်ကြယ်ပွင့် ဂျုဒ်ဘယ်လင်ဟမ်ဂိုးမသွင်းနိုင်ခြင်းမှာ ပြဿနာမဟုတ်ကြောင်း ရှင်းပြလာခဲ့ပြီး ဝေဖန်ခံနေရတဲ့ တိုက်စစ်မှူး ခီလီယန်အမ်ဘာပေကိုလည်း ကာကွယ်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာ ရီးရဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲစုံ ၂၃ ဂိုးအထိသွင်းယူနိုင်ခဲ့တဲ့ ဘယ်လင်ဟမ်ဟာ ဒီရာသီမှာတော့ အခုချိန်အထိ တစ်ဂိုးမှသွင်းယူနိုင်ခြင်းမရှိသေးပါဘူး။ သို့သော်လည်း အန်ဆယ်လော့တီကတော့ အင်္ဂလန်ကြယ်ပွင့်အနေနဲ့ သွင်းဂိုးတွေလျော့ကျလာခြင်းမှာ ပြဿနာမဟုတ်ဘဲ လက်ရှိကစားနေတဲ့ ပုံစံအရဖြစ်တယ်လို့ဆိုပါတယ်။
အန်ဆယ်လော့တီက “ကျွန်တော်တို့ ဘယ်လင်ဟမ်ရဲ့ခြေစွမ်းကို အရမ်းကျေနပ်ပါတယ်။ သူ အလုပ်တွေအများကြီးလုပ်ပေးထားပြီး ပွဲစဉ်တိုင်းလိုလိုမှာ ခြေစွမ်းပြထားနိုင်ပါတယ်။ သူ့ကိုယ်သူတွန်းအားပေးနေပြီး အမြဲတမ်းတိုက်ခိုက်နေတတ်တဲ့ ကစားသမားတစ်ယောက်ပါ။ ဒီရာသီမှာ သူ့အနေနဲ့ ပြီးခဲ့တဲ့ရာသီကလောက် ဂိုးတွေမသွင်းနိုင်တော့တာ အမှန်ပါပဲ။ ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီမှာ သူဂိုးတွေသွင်းနိုင်ခဲ့တာက အံ့ဩစရာအချက်တစ်ခုပါ။ သူဂိုးတွေသွင်းပြီး ကျွန်တော်တို့ကို အကူအညီပေးလိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထားပါဘူး။ ဒီရာသီမှာ သူဂိုးမသွင်းနိုင်တာက ကျွန်တော်တို့အတွက် ပြဿနာတော့မဟုတ်ပါဘူး”
“ကျွန်တော်တို့က အမြဲတမ်းဂိုးတွေသွင်းနိုင်တဲ့အသင်းပါ။ နောက်လည်း သွင်းနေဦးမှာပါပဲ။ တိုက်စစ်မှာ ကစားသမားကောင်းတွေအများကြီးပိုင်ဆိုင်ထားပါတယ်။ ကျွန်တော်တို့အတွက်တော့ လက်ရှိသူပြသထားတဲ့ စွမ်းဆောင်ရည်က ပြီးခဲ့တဲ့ရာသီက ဂိုးတွေသွင်းခဲ့တာထက်ပိုပြီးတော့ အကျိုးရှိပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အန်ဆယ်လော့တီက ဒီရာသီမှာ အသင်းသို့ရောက်ရှိလာပြီး လက်ရှိကစားထားတဲ့ ပြိုင်ပွဲစုံ ၁၂ ပွဲမှာ ၈ ဂိုးအထိသွင်းယူထားနိုင်ပေမဲ့ ပရိသတ်ဝေဖန်မှုတွေနဲ့ကြုံတွေ့နေရတဲ့ တိုက်စစ်မှူး အမ်ဘာပေကိုလည်း ကာကွယ်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။
အီတလီသားက “ကျွန်တော် အမ်ဘာပေဆီကနေ ဒီထက်ပိုပြီးဂိုးတွေမျှော်လင့်ထားပါတယ်။ ပြိုင်ဖက်နောက်တန်းကို ဖိအားပေးကစားနိုင်ဖို့ထက် ဂိုးတွေပိုသွင်းစေချင်ပါတယ်။ ဘင်ဇီမာဆီက တောင်းဆိုခဲ့တဲ့ပုံစံအတိုင်း သူ့ဆီကနေ တောင်းဆိုထားပါတယ်။ ဒါကတော့ ကျွန်တော်တို့ ဘောလုံးရတာနဲ့တစ်ပြိုင်နက် သူ့အနေနဲ့ ဂိုးသွင်းနိုင်ဖို့ အဆင်သင့်ဖြစ်နေဖို့ပါ” လို့ပြောကြားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးတော့လည်း အန်ဆယ်လော့တီက “ကျွန်တော်တို့မှာ ၁၀၀ ရာခိုင်နှုန်း ကောင်းမွန်မှုတော့မရှိပါဘူး။ ရလဒ်ကောင်းတွေပုံဖော်နိုင်ပေမဲ့ ကစားပုံကို တိုးတက်အောင်ပြုလုပ်ဖို့လိုအပ်နေပါသေးတယ်။ အထူးသဖြင့် ခံစစ်ပိုင်းမှာ တိုးတက်လာဖို့လိုပါတယ်။ အသင်းက ပြီးခဲ့တဲ့ရာသီကလောက် ကျစ်လစ်မှုမရှိတာကြောင့် အဲဒီအပိုင်းကို အာရုံစိုက်ပြီး ပြုပြင်နေပါတယ်” လို့ပြောကြားခဲ့ပါတယ်။
စနေနေ့က ဆယ်လ်တာဗီဂိုကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အတွက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ အမ်ဘာပေအနေနဲ့ ဗုဒ္ဓဟူးနေ့ ဒေါ့မွန်နဲ့ယှဉ်ပြိုင်သွားရမဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ဂိုးတွေထပ်သွင်းနိုင်မလားစောင့်ကြည့်ရပါမယ်။ ဒေါ့မွန်အနေနဲ့လည်း ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာရှုံးနိမ့်ခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်ကို မကျေပွဲပြန်နွှဲဖို့ အဆင်သင့်ရှိနေတယ်လို့သိရပါတယ်။
Source : msn.com
#xda77 #xda77digital #ရီးရဲလ်မက်ဒရစ် #အန်ဆယ်လော့တီ #အမ်ဘာပေ