ဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါစကီးက ခါးသီးပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို ဂိုးပြတ်အနိုင်ယူပြီးနောက် သူတို့အသင်းနည်းပြဖြစ်သူ ဟန်စီဖလစ်ခ်ကို နောက်တစ်ကြိမ် ထပ်မံချီးကျူးသွားခဲ့ပြန်ပါတယ်။
ဘာနေဗျူးကွင်းမှာ ကစားခဲ့တဲ့ပွဲစဉ်အတွင်း လီဝန်ဒေါစကီးက လေးဂိုးပြတ်အနိုင်ရလဒ်ဖြစ်ပေါ်လာဖို့ အသင်းအတွက် နှစ်ဂိုးသွင်းယူပေးကာ ကူညီပေးခဲ့ပါတယ်။ ဒီနိုင်ပွဲနဲ့အတူ ခါးသီးပြိုင်ဘက်ကို ခြောက်မှတ်ဖြတ်ကာ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဘာစီလိုနာတို့ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။ ဟန်စီဖလစ်ခ်နဲ့ ကတ္တလန်မြေမှာ နောက်တစ်ကြိမ်ပြန်လည်လက်တွဲလုပ်ကိုင်နေတဲ့ တိုက်စစ်မှူးက ဂျာမန်လူမျိုးနည်းပြအနေဖြင့် အသင်းမှာ ထူးခြားတဲ့အလုပ်တစ်ခုကို လုပ်ပြနေပါတယ်လို့ ပြောဆိုခဲ့ပါတယ်။
သတင်းထောက်တွေနဲ့တွေ့ဆုံချိန် လီဝန်ဒေါစကီးက “ဟန်စီဖလစ်ခ်လုပ်ပြနေတဲ့အရာက ကျွန်တော့်ကိုသာမက အခြားသူတွေအတွက်ပါ မယုံကြည်နိုင်စရာတွေ ဖြစ်ပါတယ်။ ဟန်စီဖလစ်ခ်လက်အောက်မှာ ကစားသမားတိုင်း သက်သောင့်သက်သာရှိနေတယ်လို့ ခံစားနေရပြီး ဒါကို ဒီနေ့မှာ ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အချင်းချင်းအကြားမှာလည်း စကားလုံးတွေတောင်မလိုအပ်ဘဲ နားလည်မှုအပြည့် ရှိကြပါတယ်။
အရေးအကြီးဆုံးအရာကတော့ အသင်းလိုက်ကစားပုံပါပဲ။ တိုက်စစ်ပိုင်းက ပိုအားကောင်းလာဖို့ လိုအပ်သလို သွင်းဂိုးတွေ ပိုမိုသွင်းယူနိုင်ဖို့လည်း လိုအပ်ပါတယ်။ ကိုယ့်အတွက် ခက်ခဲနေမယ်ဆိုရင်တောင် အသင်းဖော်တွေဆီမှာ ဒီအခြေအနေကိုဖြေရှင်းဖို့ အကြံအစည်တစ်ခုတော့ ရှိနေပါလိမ့်မယ်။
အခုအချိန်မှာတော့ ဆုဖလားအောင်မြင်မှုတွေအကြောင်း မပြောချင်သေးပါဘူး။ တစ်ဆင့်ချင်းသွားဖို့ပဲ အရေးကြီးပါတယ်။ ဘာနေဗျူးမှာ အနိုင်ရရှိမှုက ကြီးမားတဲ့ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ လုပ်စရာအလုပ်တွေ ကျန်ရှိနေပါသေးတယ်။ အခုအချိန်အထိ ကျွန်တော်တို့ ဘာဆုဖလားမှ မရရှိသေးပါဘူး”လို့ ပြောပါတယ်။
လက်ရှိမှာ လီဝန်ဒေါစကီးက လာလီဂါ ၁၁ ပွဲကစား၊ ၁၄ ဂိုးအထိ သွင်းယူထားနိုင်ပြီး နောက်ထပ်လာလီဂါရွှေဖိနပ်ဆု(ပီချီချီဆု)ကို သိမ်းပိုက်နိုင်ဖို့ အာရုံစိုက်နေပါလိမ့်မယ်။
Source : barcablaugranes.com/
#xda77 #xda77digital #လာလီဂါ #ဘာစီလိုနာ #ရီးရဲလ်မက်ဒရစ် #လီဝန်ဒေါ့စကီး #ဟန်စီဖလစ်ခ်