မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက လက်ရှိအသင်းရဲ့ဆိုးဝါးနေတဲ့ အခြေအနေတွေက အဘက်ဘက်မှာ ထိခိုက်မှုရှိနေကြောင်းနဲ့ လာမဲ့ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားသစ်ခေါ်ယူဖို့အတွက်လည်း လွယ်ကူမှာမဟုတ်ကြောင်း ပြောကြားလာခဲ့ပါတယ်။
ယမန်နေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးဟာ အဲဗာတန်ကို သရေသာကစားနိုင်ခဲ့တာကြောင့် အသင်းရဲ့ပြိုင်ပွဲစုံ နောက်ဆုံး ၁၃ ပွဲမှာ နိုင်ပွဲတစ်ပွဲသာ ရှိခဲ့တဲ့အထိ ရလဒ်ဆိုးတွေနဲ့ တောက်လျှောက်ကြုံတွေ့ထားရတာဖြစ်ပါတယ်။
ယခုပွဲစဉ်မှာ မန်စီးတီးအတွက်ဦးဆောင်ဂိုးကို ပထမပိုင်းမှာ ဘာနာဒိုဆေးလ်ဗားက စတင်သွင်းယူပေးခဲ့ပေမဲ့ အဲဗာတန်အတွက် ချေပဂိုးကို အန်ဒီယာယီက ပထမပိုင်းမှာပဲ ပြန်လည်ချေပခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ မန်စီးတီးအတွက် ဒုတိယဦးဆောင်ဂိုးရဖို့ အခွင့်အရေးအဖြစ် ပင်နယ်တီပြစ်ဒဏ်ဘောရရှိခဲ့ပေမဲ့ စူပါစတား တိုက်စစ်မှူးအာလင်းဟာလန်းက ဝင်အောင်ကန်သွင်းနိုင်ခဲ့ခြင်း မရှိပါဘူး။

ဒဏ်ရာပြဿနာအများအပြားနဲ့ကြုံတွေ့နေရတဲ့ မန်စီးတီးဟာ ယခုပွဲစဉ်မှာ တစ်ရာသီလုံးအနားယူသွားရမဲ့ ရိုဒရီအပါအဝင် ရူဘင်ဒီး ယက်စ်၊ ကိုင်လ်ဝေါ်လ်ကာ၊ ဂျက်ဂရီးလစ်ရှ်၊ အီဒါဆန်နဲ့ ဂျွန်စတုန်းစ်တို့လို အဓိက ကစားသမားတွေကို ထည့်သွင်းအသုံးပြုနိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါကြောင့် လာမဲ့ဇန်နဝါရီဈေးကွက်မှာ မန်စီးတီးအနေနဲ့ ကစားသမားအသစ်တွေခေါ်ယူပြီး အသင်းကို အင်အားဖြည့်တင်း သွားရမှာဖြစ်ပေမဲ့ ဂွါဒီယိုလာကတော့ အခက်အခဲတွေကြုံတွေ့ရနိုင်ကြောင်း ပြောကြားလာခဲ့ပါတယ်။
စပိန်သားက “လာမဲ့ဆောင်းရာသီဈေးကွက်က လွယ်ကူမှာမဟုတ်ပါဘူး။ အသင်းရဲ့ကစားသမားတွေတောင် ကစားသမားသစ်ခေါ် ယူဖို့ လိုအပ်နေတယ်ဆိုတာ သိကြပေမဲ့ သူတို့တောင်အခက်အခဲကြုံနေရတဲ့နေရာမှာ အခြားကစားသမားတွေလည်း ပျော်မှာ မဟုတ်ပါဘူး။ အထူးသဖြင့် အသင်းရဲ့ပြဿနာက ဒဏ်ရာပါပဲ။ ဒီလိုဒဏ်ရာပြဿနာတွေက ကစားသမားတွေအတွက် နောက်ထပ် ၄-၅ နှစ်လောက်အထိကို ပြဿနာဖြစ်စေနိုင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ယခုသရေပွဲကြောင့် မန်စီးတီးဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့ ရမှတ် ၁၄ မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်လို့ ချန်ပီယံဖြစ်ဖို့ အတော်လေးကို ခက်ခဲသွားပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလအစကနေ ယခုချိန်အထိ မန်စီးတီးဟာ ၂ လအတွင်း ဂိုး ပေါင်း ၂၆ ဂိုးအထိခွင့်ပြုခဲ့ရပြီး အဆိုပါပမာဏဟာ ဥရောထိပ်သီး လိဂ် ၅ ခုအတွင်း ဒုတိယပေးဂိုးအများဆုံးအသင်းအဖြစ် ရပ်တည်ခဲ့ ရတာလည်းဖြစ်ပါတယ်။
ဆက်လက်ပြီး ဂွါဒီယိုလာက “ကျွန်တော်တို့တွေ အရမ်းစိတ်ရှည်ခဲ့ပြီးပြီလို့ထင်ပါတယ်။ အခုအခြေအနေအတွင်း ကျွန်တော်တို့မှာ အရှိန်အဟုန်မရှိတော့ပါဘူး။ အရာရာတိုင်းက အလုပ်ဖြစ်လို့ အချိန်ပေးနေရပါတယ်။ အမှတ်ပေးဇယားရပ်တည်မှုနဲ့ပတ်သက်ပြီး တော့ ကျွန်တော့်မှာ ငြင်းစရာမရှိပါဘူး။ ဘောလုံးဆိုတာ နိုင်ဖို့၊ ဂိုးတွေသွင်းနိုင်ဖို့နဲ့ ဂိုးတွေခွင့်မပြုရဖို့ဆိုတာ ကျွန်တော် ယုံကြည်ထားပါတယ်။ လွန်ခဲ့တဲ့ ၁ လခွဲလောက်ကတည်းက အခုချိန်အထိတော့ ကျွန်တော်တို့ဒါကို မလုပ်နိုင်ခဲ့သေးပါဘူး” လို့ပြောကြားခဲ့ပါတယ်။
Source : theguardian.com
#မန်စီးတီး #အပြောင်းအရွှေ့သတင်းများ #ဂွါဒီယိုလာ #အဲဗာတန် #ဘာနာဒိုဆေးလ်ဗား #ဟာလန်း #ရိုဒရီ #ရူဘင်ဒီယက်စ် #ဝေါ်လ်ကာဂျက်ဂရီးလစ်ရှ် #အီဒါဆန် #ဂျွန်စတုန်း