ယာဂန်ကလော့ပ်က အင်္ဂလန်ဘောလုံးလောကအာဏာပိုင်တွေနဲ့ ရုပ်သံကုမ္ပဏီတွေကို ပွဲစဉ်ဇယားကျပ်တည်းမှုတွေနဲ့ပတ်သက်လို့ ဝေဖန်ပြောဆိုလေ့ရှိပေမဲ့ သူ့ရဲ့နေရာဆက်ခံသူ အန်းစလော့ကတော့ အသင်းရဲ့ပွဲကျပ်ကာလတွေအပေါ်မှာ အပေါင်းလက္ခဏာဆောင်တဲ့ အမြင်ကိုပဲ စွဲကိုင်ဖို့ စိတ်အားထက်သန်နေပါတယ်။
လီဗာပူးအသင်းက အခုဘောလုံးရာသီရဲ့ပွဲစဉ်အားလုံးကို ပေးဂိုးမရှိ၊ အနိုင်ယူထားပါတယ်။ ဒါပေမဲ့ ၂၂ ရက်အတွင်း ခုနစ်ပွဲကစားရတော့မဲ့ ခက်ခဲတဲ့စမ်းသပ်မှုတစ်ခုကိုလည်း အန်းစလော့ရဲ့အသင်း ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ဒီပွဲကျပ်ကာလကို ယနေ့ညပိုင်း၊ အန်ဖီးလ်ကွင်းမှာ နော်တင်ဟမ်ဖောရက်စ်နဲ့ယှဉ်ပြိုင်ကစားရင်း စတင်သွားရပါလိမ့်မယ်။
ဒါပေမဲ့ အနီရောင်တပ်သားတွေရဲ့နည်းပြချုပ်ဖြစ်သူကတော့ အခုလိုပွဲစဉ်ဇယားကျပ်တည်းနေမှုကို ပြဿနာတစ်ခုလို့ မရှုမြင်ထားဘဲ အင်အားတောင့်တင်းတဲ့ သူ့ရဲ့အသင်းဟာ အခက်အခဲကို အကောင်းဆုံးကျော်ဖြတ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
အန်းစလော့က “ဒါကို ပြဿနာတစ်ခုလို့ မပြောချင်ပါဘူး။ အခုလို ပွဲစဉ်တွေ ပိုပြီးများများကစားရလေလေ၊ ပိုပြီးသန်မာလာလေလေပါပဲ။ ကောင်လေးတွေက အခုလိုပွဲကျပ်ကာလကို ဖြတ်သန်းဖို့ လေ့ကျင့်နေခဲ့တာကြောင့် အခုအချိန်မှာ လာမဲ့ပွဲစဉ်တွေအတွက် အံ့အားသင့်လောက်စရာကောင်းအောင် အဆင်သင့်ဖြစ်နေကြပါပြီ။ သူတို့တွေ နိုင်ငံ့လက်ရွေးစင်အသင်းတွေအတွက် နှစ်ပွဲစာလောက် အတူလေ့ကျင့်ခဲ့ရပြီး အခုတော့ ကျွန်တော်တို့နဲ့အတူ အလုပ်ပြန်တွဲလုပ်ရပါတော့မယ်။ ဒါကြောင့် အမြဲတမ်းတော့ ဆိုးရွားလွန်းတဲ့အရာတစ်ခု မဟုတ်ပါဘူး။

ဒါက လက်ရှိဖြစ်ပျက်နေတာပါ။ ကျွန်တော်တို့မှာ ကစားသမားကောင်းတွေ အများကြီးရှိပါတယ်။ ဒီလိုပွဲကျပ်ကပဲ ကျွန်တော်တို့အတွက် ကစားသမားတွေအများကြီးရှိနေရတဲ့ အကြောင်းရင်းတွေအနက် တစ်ချက်ဖြစ်ပါတယ်။ ၁၅ ပွဲလောက်ပဲကစားရမယ်ဆိုရင်တော့ ကျွန်တော်တို့အတွက် ကစားသမားတွေ အများကြီးမလိုအပ်တော့ပါဘူး။
အခုလိုပွဲကျပ်ကာလတွေက ကစားသမားတွေအတွက် အခက်အခဲရှိစေမဲ့ အကြောင်းရင်းကို ကျွန်တော်နားလည်ပေးနိုင်ပါတယ်။ ကျွန်တော်တို့တွေက သူတို့ဆီ တောင်းဆိုမှုတွေ အများအပြားလုပ်လေ့ရှိတာကြောင့် သူတို့အတွက် ရုပ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာကိစ္စတွေမှာ ပိုမိုအနားယူပေးဖို့ လိုအပ်လာပါတယ်။ ကျွန်တော့်အတွက်တော့ မခက်ခဲပါဘူး။ နိုင်ငံ့လက်ရွေးစင်တာဝန်ထမ်းဆောင်ထားရတဲ့ကစားသမားတွေအတွက်တော့ အလွန်ခက်ခဲပါလိမ့်မယ်။ ကျွန်တော်က အမြဲလိုလို ရုံတွင်းတင်းနစ်အားကစားနည်းကို ခွန်အားအပြည့်နဲ့ ကစားလေ့ရှိတယ်လေ”လို့ ပြောပါတယ်။
အခုညပိုင်းပွဲစဉ်၊ လီဗာပူးအသင်းအတွက် ခြေဖဝါးရိုးကျိုးဒဏ်ရာရရှိနေတဲ့ အယ်လီယော့ ပါဝင်ကစားပေးဖို့ မရှိသလို ကာတစ်ဂျုံးစ်နဲ့ မက်အယ်လစ္စတာတို့လည်း ကြံံ့ခိုင်မှုပြည့်ဝနိုင်ရေး အသေးစားဒဏ်ရာအခြေအနေကို ကျော်ဖြတ်ရဖို့ရှိနေပါတယ်။ အသစ်ခေါ်ယူထားတဲ့ ချီယေဆာကတော့ နိုဝင်ဘာနိုင်ငံတကာသီတင်းပတ်ကို ကြံ့ခိုင်မှုပြည့်ဝစေရေးလုပ်ငန်းစဉ်တွေနဲ့အတူ ကုန်ဆုံးခဲ့ပြီးနောက် အခုအချိန်မှာတော့ အသင်းအတွက် ပါဝင်ကစားပေးဖို့ အဆင့်သင့်ဖြစ်နေပါပြီ။
အန်းစလော့ကတော့ သူ့ရဲ့အသင်းဟာ ရာနှုန်းပြည့်နိုင်ပွဲရရှိထားပေမဲ့ ပြီးပြည့်စုံတဲ့ပုံစံကောင်း မရရှိသေးဘဲ တိုးတက်ဖို့လိုအပ်နေသေးတဲ့အားနည်းချက်တွေ ရှိနေပါသေးတယ်လို့ ဆက်ပြောပါတယ်။
ဒတ်ချ်လူမျိုးနည်းပြက “တိုးတက်ရမဲ့အရာတွေ အများကြီးရှိနေပါသေးတယ်။ ဒါပေမဲ့ ဒီကိစ္စက လုံးဝကိုပြောင်းလဲပစ်ရမဲ့ အရမ်းအရေးကြီးတဲ့အရာတစ်ခုတော့ မဟုတ်ပါဘူး။
ကျွန်တော်တို့ တိုးတက်အောင် လုပ်ဆောင်ရမဲ့ အသေးစိတ်အချက်အလက်တွေ အများကြီးရှိသလို တကယ့်ကိုအကောင်းဆုံးလုပ်ထားနိုင်တဲ့ အရာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ၁၀ မှတ်ပေးရင် ၈ မှတ်ရမဲ့ အခြေအနေမျိုးမှာပဲ ရှိနေပါသေးတယ်။ ဒါကြောင့် တိုးတက်အောင်လုပ်ဆောင်ရမဲ့ကဏ္ဍတွေ အများကြီးပါပဲ။ မန်ချက်စတာယူနိုက်တက်နဲ့ပွဲစဉ်မှာ ဖြတ်တင်ဘောတွေကို ကျွန်တော်တို့အသင်း ကာကွယ်တဲ့ပုံစံက အကောင်းဆုံးအခြေအနေမှာ မရှိနေခဲ့ပါဘူး။
အပ်ဆွစ်ချ်နဲ့ပွဲစဉ်၊ ပထမပိုင်းပွဲချိန်တွေမှာလည်း ကျွန်တော်တို့အသင်း ဖိအားတွေအောက်မှာ ရုန်းကန်ခဲ့ရပါတယ်။ အစောပိုင်းပွဲချိန်တွေမှာ ကျွန်တော်တို့အသင်း ကစားရမဲ့ပုံစံကို မမြင်တွေ့ခဲ့ကြပါဘူး။ ဒါကြောင့် ကျွန်တော်တို့က အကောင်းဆုံးလုပ်ဆောင်ထားနိုင်တယ်ဆိုပေမဲ့ နေ့စဉ်နေ့တိုင်း သင်ယူနေရတုန်းပဲ ရှိပါတယ်။
ကျွန်တော်တို့တိုးတက်လာနိုင်တဲ့ အရာတွေကို ကစားသမားတွေ သိနားလည်လာအောင် ကြိုးစားပေးနေပါတယ်။ ကိစ္စတော်တော်များများကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားရပါဦးမယ်။ ကျွန်တော်တို့တွေ ၁၀ မှတ်ပေးရင် ၈ မှတ်ရနိုင်လောက်တဲ့အထိ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ထားနိုင်တယ်ဆိုပေမဲ့ အရာရာတိုင်းကို ရာနှုန်းပြည့်ကောင်းမွန်လာအောင် ကြိုးစားသွားဖို့ပဲ ရည်ရွယ်ထားပါတယ်”လို့ ပြောပါတယ်။
Source: liverpoolecho.co.uk
#xda77 #xda77digital #အန်းစလော့ #လီဗာပူး