‘ဂျိုကာရက်စ်’ကိုခေါ်ယူနိုင်ဖို့ ပေါ်တူဂီမြေအထိ အာဆင်နယ်ကိုယ်စားလှယ်အဖွဲ့ သွားရောက်ညှိနှိုင်း

ဂျိုကာရက်စ်

အာဆင်နယ်အသင်းရဲ့အားကစားဒါရိုက်တာ အန်ဒရီဘာတာဟာ စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ဗစ်တာဂျိုကာရက်စ်ကိုခေါ်ယူနိုင်ရေးအတွက် ယခုအခါမှာတော့ ကိုယ်စားလှယ်အဖွဲ့နဲ့အတူ ပေါ်တူဂီအထိ ဆွေးနွေးညှိနှိုင်းမှုတွေ သွားရောက်ပြုလုပ်နေပြီဖြစ်ပါတယ်။

အန်ဒရီဘာတာဟာ ပြီးခဲ့တဲ့ မတ်လကမှအသင်းနဲ့လမ်းခွဲခဲ့တဲ့ အားကစားဒါရိုက်တာဟောင်း အက်ဒူဂတ်စ်ပါနေရာမှာ အစားထိုးဝင်ရောက်ခဲ့တာဖြစ်ပြီး ယခုနွေရာသီအတွင်း အသင်းရဲ့တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ အာရုံစိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။ ယခုအခါမှာတော့ သောင်မတင် ရေမကျဖြစ်နေတဲ့ ဂျိုကာရက်စ်ရဲ့အပြောင်းအရွှေ့ကိုတွန်းအားပေးလုပ်ဆောင်နေပြီး ယခုရက်ပိုင်းအတွင်းမှာပဲ တိကျတဲ့အဖြေတစ်ခုကို ရရှိလာနိုင်တယ်လို့သိရပါတယ်။

ဂျိုကာရက်စ်အနေနဲ့လည်း အာဆင်နယ်သို့ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတာကြောင့် ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီချက်တွေတော့ ရရှိထားပြီလို့ယူဆရပါတယ်။ စပို့တင်းဘက်က ဂျိုကာရက်စ်ရဲ့ပြောင်းရွှေ့ကြေးအတွက် ယူရိုသန်း ၈၀ အလိုရှိနေပြီး အပိုဆုကြေးတွေလည်းထပ်မံအလိုရှိနေတာကြောင့် ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ဖို့တော့ လိုအပ်နေသေးတာဖြစ်ပါတယ်။

ယခုအခါမှာ ဂျိုကာရက်စ်ကလည်း စပို့တင်းနဲ့လမ်းခွဲဖို့ပြင်ဆင်ထားတာကြောင့် ကလပ်ရဲ့ရာသီကြို လေ့ကျင့်ရေးအစီအစဉ်တွေကို ချိတ်ဆက်သွားမှာမဟုတ်ဘူးလို့ ပေါ်တူဂီသတင်းတွေက ဖော်ပြထားပါတယ်။ ဆွီဒင်လက်ရွေးစင်ဟာ အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့အတွက် သူ့ရဲ့လစာထဲမှ ယူရို ၂ သန်းအထိ အဆုံးရှုံးခံထားတယ်လို့လည်းသိရပါတယ်။

ပေါ်တူဂီမှာ ၂ နှစ်ကြာနေထိုင်ပြီးနောက်မှာတော့ ဂျိုကာရက်စ်အနေနဲ့ အင်္ဂလန်မြေသို့ပြန်လည်ရောက်ရှိဖို့ နီးစပ်နေပေမဲ့ ယခုတစ်ပတ်နှောင်းပိုင်းမှာ စတင်သွားမဲ့ အာဆင်နယ်ရဲ့ ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်အချို့ကိုတော့ လွဲချော်သွားနိုင်တယ်လို့သိရပါတယ်။ သို့သော်လည်း ဆွီဒင်သားဟာ အာဆင်နယ်ရဲ့ ရာသီကြိုခရီးစဉ်မှာတော့ လိုက်ပါသွားနိုင်ဖို့ အခွင့်အရေးရှိနေပါသေးတယ်။

Source : goal.com

Leave a Reply

Your email address will not be published. Required fields are marked *