ချဲလ်ဆီးကစားသမားတွေရဲ့ ကိုယ်ပိုင်နားနေခန်းတွေမှာ ဘာတွေတွေ့ရမလဲ?

ချဲလ်ဆီးကစားသမားတွေရဲ့ ကိုယ်ပိုင်နားနေခန်းတွေမှာ ဘာတွေတွေ့ရမလဲ?

သီယာဂိုဆေးလ်ဗားက အနောက်လန်ဒန်အရပ်မှာ လေးနှစ်တာဖြတ်သန်းမှုကို ရပ်တန့်လိုက်ဖို့ ဆုံးဖြတ်ပြီးနောက် စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းအတွင်းရှိ သူ့အတွက် သီးသန့်သတ်မှတ်ပေးထားတဲ့ နားနေခန်းကို ရှင်းလင်းပေးခဲ့ပါတယ်။

အသက်-၃၉ နှစ်အရွယ်ကစားသမားရဲ့ဇနီးဖြစ်သူကတော့ စိတ်လှုပ်ရှားနေခဲ့ကာ အခန်းလွတ်တစ်ခုဆီ နောက်ဆုံးအကြိမ်ပြန်ကြည့်ရင်း သူမကိုယ်သူမ မှတ်တမ်းတင်ထားခဲ့ပါတယ်။

သီယာဂိုဆေးလ်ဗားရဲ့အိမ်သူ ဘီလီက စတမ်းဖို့ဒ်ဘရစ်ချ်ရဲ့စင်္ကြံတွေမှာ ရည်ရွယ်ချက်မဲ့ လျှောက်လှမ်းရင်း နံရံတွေထက် ခင်ပွန်းဖြစ်သူပါဝင်တဲ့ အတိတ်သမိုင်းကြောင်းတွေကို မှတ်တမ်းတင်ထားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အခုအခန်းငယ်လေးရဲ့နံရံထက်မှာ သီယာဂိုဆေးလ်ဗားကိုယ်တိုင် ဖီဖာကလပ်ကမ္ဘာ့ဖလား ကိုင်မြှောက်နေတဲ့ ဓါတ်ပုံနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းအတွင်း ရိုက်ကူးထားတဲ့ မိသားစုဓါတ်ပုံတို့ကို ဖြုတ်ချသိမ်းဆည်းခဲ့ကြပါတယ်။

ဆက်လက်ပြီး ဘီလီက “End of an era” ဆိုတဲ့ Caption နဲ့အတူ စိတ်လှုပ်ရှားဖွယ် ဗီဒီယိုမှတ်တမ်းတစ်ခုကို လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။

အခုချဲလ်ဆီးအသင်းရဲ့သီးသန့်အခန်းလေးတွေက ယေဘုယျအားဖြင့် သာမန်လူတစ်ဦးအတွက် ပေါင် ၉၁,၀၀၀ အထိ တန်ကြေး ရှိနေပါလိမ့်မယ်။

ပုံမှန်အားဖြင့် စတမ်းဖို့ဘရစ်ချ်ကွင်းရဲ့သီးသန့်အခန်းငယ်လေးတွေထဲမှာ ပြင်ပဆီ တိုက်ရိုက်ကြည်ရှုနိုင်မယ့် ဇိမ်ခံထိုင်ခုံတွေအပြင် အဆာပြေစားသောက်စရာ အများအပြားလည်း ရှိနေပါတယ်။

ဒါ့အပြင် ပွဲမစတင်မီ၊ ပထမပိုင်းအပြီးနဲ့ ပွဲပြီးချိန်တွေမှာ သုံးဆောင်နိုင်ဖို့အတွက် အခန်းငယ်အတွင်းရှိ အခမဲ့အသေးစားဘားတစ်ခုက ပြင်သစ်ရှန်ပိန်ဝိုင်အပါအဝင် ဘီယာတွေ၊ အချိုရည်တွေကိုပါ စီမံပေးသွားပါလိမ့်မယ်။

ဒီအခန်းငယ်လေးတွေရဲ့ နမူနာမီနူးစာရင်းမှာ ဟင်းလျာအမျိုးအမည် ၃၅ မျိုးအထိ ရှိနေပြီး အရန်ဟင်းအဖြစ် British Charcuterie မှစပြီး Tiger Prawns အထိ၊ အဓိကဟင်းလျာအဖြစ် ChalkStream Farmed Trout မှစပြီး Lamb Tagine အထိ၊ အချိုတည်းဖို့အတွက် Chocolate Sponge နဲ့ Rosary Goat cheese တို့ကို လိုလေသေးမရှိ ပြင်ဆင်ပေးထားပါတယ်။

ဒါ့အပြင် ပထမပိုင်းပွဲချိန်အပြီးနဲ့ သာမန်ပွဲပြီးချိန်တွေမှာ ဟင်းလျာတွေ ရွေးချယ်မှာယူစားသောက်နိုင်အောင် စီမံပေးထားပါတယ်။ ဥပမာ…. ပထမပိုင်းပြီးဆုံးချိန်မှာ Smoked Salmon လို၊ Horseradish Crème Fraîche လိုဟင်းလျာတွေအပြင် ပွဲပြီးချိန်မှာလည်း Chicken Tikka Pie လို ဟင်းလျာကိုပါ မှာယူနိုင်ပါလိမ့်မယ်။

သတိပြုရမယ့်တစ်ချက်ကတော့ ဒီအခန်းငယ်လေးတွေဆီ စမတ်ကျကျဝတ်စားဆင်ယင်ထားမှသာ ဝင်ရောက်နိုင်ပြီး ဘောလုံးအသင်းဂျာစီအင်္ကျီတွေနဲ့ဆိုရင် ဝင်ခွင့်လုံး၀မရှိတာပါပဲ။

သီယာဂိုဆေးဗားလ်ကတော့ ချဲလ်ဆီးအတွက် ပွဲ ၁၅၀ ကျော် ပါဝင်ကစားပေးခဲ့ပြီး အခုနွေရာသီ၊ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ အသင်းနဲ့လမ်းခွဲသွားခဲ့ပါတယ်။

ဝါရင့်နောက်ခံလူက အနောက်လန်ဒန်ကလပ်ကို ချန်ပီယံလိဂ်ဆုဖလား၊ ကလပ်ကမ္ဘာ့ဖလားနဲ့ ဥရောပစူပါဖလား အောင်မြင်မှုတွေ ဆွတ်ခူးနိုင်အောင် ကူညီပေးခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ သီယာဂိုဆေးလ်ဗားက ငယ်ဘ၀ကလပ် ဖလူးမီးနီးစ်ဆီ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိသွားပါပြီ။ သူက ၂၀၀၉ ခုနှစ်၊ အေစီမီလန်အသင်းဆီ ပြောင်းရွှေ့သွားပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဘရာဇီးမြေဆီ ပြန်လည်အခြေချလာခဲ့တာပဲ ဖြစ်ပါတယ်။

Source: thesun.co.uk

#xda77 #xda77digital #သီယာဂိုဆေးလ်ဗား #ချဲလ်ဆီး

Leave a Reply

Your email address will not be published. Required fields are marked *