တောင်ကိုရီးယားနာမည်ကျော် အမျိုးသားအဆိုတော်အဖွဲ့ BTS ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျောင်ကွတ်သည် Spotify ပလက်ဖောင်းတွင် ဖော်လိုဝါ (၁၇) သန်းကျော်သွားသည့် အလျင်မြန်ဆုံး အာရှအနုပညာရှင်ဖြစ်လာခဲ့ပြီး နောက်ထပ်သမိုင်းဝင်မှတ်တိုင်သစ်တစ်ခုကို ရရှိခဲ့ပြီဖြစ်သည်။
(၂၀၂၂)ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်တွင် စတင်ဖွင့်လှစ်ခဲ့သော ဂျောင်ကွတ်၏ ကိုယ်ရေးကိုယ်တာအကောင့်သည် လျင်မြန်စွာဖြင့် ဖော်လိုဝါ (၁၇)သန်းကျော်အထိ ရရှိခဲ့ပြီးနောက် ဂီတနယ်ပယ်တွင် ၎င်း၏ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးမှုများကို ထပ်မံ သက်သေပြနိုင်ခဲ့ခြင်းဖြစ်သည်။ ဂျောင်ကွတ်၏ Spotify အကောင့်သည် အာရှအနုပညာရှင်များ အားလုံးထဲတွင် ဖော်လိုဝါ (၁၇) သန်းကျော်ကို အလျင်မြန်ဆုံးရရှိခဲ့သည့် အကောင့်တစ်ခုဖြစ်ကြောင်း Oneily Vibe က ထုတ်ပြန်ပြောဆိုခဲ့သည်။
ထို့ပြင် ဂျောင်ကွတ်သည် လစဉ်နားထောင်သူ သန်း (၄၀) ကျော်ဖြင့် စံချိန်သစ်တစ်ခုကိုတင်နိုင်ခဲ့ပြီး K-pop တစ်ကိုယ်တော်အနုပညာရှင်များ အားလုံးထဲတွင် အမြင့်ဆုံး ကိန်းဂဏန်းတစ်ခုဖြစ်ကြောင်းလည်း သိရသည်။
တစ်ကိုယ်တော်အယ်လ်ဘမ် တစ်ခုတည်းသာထွက်ရှိထားသော်လည်း ဂျောင်ကွတ်သည် ထုတ်လွှင့်မှုပလက်ဖောင်းများအားလုံးတွင် စုစုပေါင်းထုတ်လွှင့်မှု (၈ ဒသမ ၂) ဘီလျံအထိရရှိခဲ့ပြီး အဆိုပါအောင်မြင်မှုကိုရရှိခဲ့သည့် ပထမဆုံး K-pop တစ်ကိုယ်တော်အနုပညာရှင်နှင့် အမြန်ဆုံး အာရှအနုပညာရှင် ဖြစ်လာခဲ့သည်။
ထို့ပြင် ဂျောင်ကွတ်သည် ၎င်း၏တစ်ကိုယ်တော်သီချင်းဖြစ်သည့် Seven ဖြင့် ထုတ်လွှင့်မှု (၂ ဒသမ ၂) ဘီလျံကျော်လွန်ခဲ့သော ပထမဆုံးနှင့် အမြန်ဆုံး အာရှအနုပညာရှင်ဖြစ်လာခဲ့ကြောင်းလည်း သိရသည်။
Source : straitstimes.com