သူ့ဆီချဉ်းကပ်ခဲ့ဖူးတဲ့ ကလပ်အသင်းတွေအကြောင်း ဖွင့်ဟလာတဲ့ အမ်ဘာပေ

သူ့ဆီချဉ်းကပ်ခဲ့ဖူးတဲ့ ကလပ်အသင်းတွေအကြောင်း ဖွင့်ဟလာတဲ့ အမ်ဘာပေ

အမ်ဘာပေက ကစားသမားဘဝမှာ မတူညီတဲ့လမ်းကြောင်းတစ်ခုကို လျှောက်လှမ်းနိုင်ခဲ့ပြီး မိုနာကိုမှာကစားနေချိန် ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်၊ လိုက်ပ်ဇစ်တို့ရဲ့စိတ်ဝင်စားမှုကို ရရှိခဲ့တယ်လို့ အတိအလင်းပြောဆိုလိုက်ပါတယ်။

၂၀၁၇ ခုနှစ်အတွင်း မိုနာကိုမှ ပီအက်စ်ဂျီဆီ ရောက်ရှိသွားတဲ့ ပြင်သစ်စူပါကြယ်ပွင့်က အတိတ်ကာလ၊ သူ့ဆီရောက်ရှိလာခဲ့တဲ့ အစောပိုင်းချဉ်းကပ်မှုတွေအပေါ် ပြန်ပြောင်းသုံးသပ်ခဲ့ပါတယ်။

အမ်ဘာပေက မိုနာကိုမှာကစားနေတဲ့ကာလအတွင်း ဥရောပရဲ့အထွန်းတောက်ဆုံးလူငယ်ကစားသမားတစ်ဦး ဖြစ်လာခဲ့ပြီး ၂၀၁၇ ခုနှစ်၊ လီဂူးဝမ်းချန်ပီယံအောင်ပွဲနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ခရီးလမ်းတို့မှာ အဓိကအခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူက ပီအက်စ်ဂျီဆီ ကနဦးအငှား၊ နောက်ပိုင်း ယူရိုသန်း ၁၈၀ တန်သဘောတူညီမှုဖြင့် ပြောင်းရွှေ့ခဲ့ပါတယ်။

ဒါပေမဲ့ အခုလိုသမိုင်းဝင်သဘောတူညီမှုမတိုင်ခင် ဘွန်ဒက်စ်လီဂါကလပ်အသင်းတွေက သူ့ကို ပြင်သစ်နိုင်ငံပြင်ပဆီ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးတယ်လို့ အမ်ဘာပေကိုယ်တိုင် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

BILD နဲ့တွေ့ဆုံချိန် အမ်ဘာပေက “ ကျွန်တော့်ဆီကို ကလပ်အသင်းတော်တော်များများ ချဉ်းကပ်ခဲ့ဖူးပါတယ်။ ကျွန်တော်အသက်ငယ်ငယ်လေးမှာပဲ ဘိုင်ယန်မြူးနစ်က ကျွန်တော့်ဆီ မိုနာကိုမှထွက်ခွာဖို့ စည်းရုံးခဲ့ပါတယ်။ ဒေါ့မွန်လည်း ပါသလို လိုက်ပ်ဇစ်လည်း ပါဝင်ပါတယ်။ ကျွန်တော်မှတ်မိသလောက်တော့ ဒီကလပ်အသင်းသုံးခုပါပဲ။ တခြားကလပ်အသင်းတွေလည်း ရှိကောင်းရှိနိုင်ပေမဲ့ မမှတ်မိတော့ပါဘူး။

အခုအချိန်မှာ ကျွန်တော့်ကိုခေါ်ယူဖို့ ကလပ်အသင်းတိုင်းအလိုရှိနေပေမဲ့ နည်းနည်းနောက်ကျသွားပါပြီ(ရယ်လျက်)” လို့ ပြောကြားခဲ့ပါတယ်။ လတ်တလောမှာ ပြင်သစ်ကပ္ပတိန်က သူ့ရဲ့အောင်မြင်မှုတွေဆီ ရီးရဲလ်မက်ဒရစ်နဲ့အတူ လာလီဂါချန်ပီယံဆုဖလားချန်ပီယံလိဂ်ဆုဖလားတို့ကို ပေါင်းထည့်နိုင်ဖို့ ကြိုးပမ်းသွားပါလိမ့်မယ်။

Source : goal.com

Leave a Reply

Your email address will not be published. Required fields are marked *