ပြင်းထန်အစာအိမ်ဝေဒနာကြောင့် တိုက်စစ်မှူးအမ်ဘာပေ ဆေးကုသမှုခံယူနေတယ်လို့ ကြာသပတေးနေ့အစောပိုင်းမှာ ရီးရဲလ်မက်ဒရစ်အသင်းက ကြေညာခဲ့ပြီးနောက် အခုအချိန်မှာတော့ ပြင်သစ်လက်ရွေးစင်တိုက်စစ်ကစားသမား ရောဂါသက်သာလာလို့ ဆေးရုံဆင်းလာခဲ့ပါပြီ။
တိုက်စစ်ကြယ်ပွင့်အမ်ဘာပေက ဗုဒ္ဓဟူးနေ့၊ မိုင်ယာမီမှာ အယ်လ်ဟီလယ်လ်နဲ့ တစ်ဖက်တစ်ဂိုးစီသရေကျတဲ့ မက်ဒရစ်ရဲ့ကလပ်ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်ကို လွဲချော်ခဲ့သလို လေ့ကျင့်ရေးအစီအစဉ်တွေမှာလည်း မပါဝင်နိုင်ခဲ့ပါဘူး။
အမ်ဘာပေရဲ့လက်ရှိအခြေအနေနဲ့ပတ်သက်လို့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ယမန်နေ့ထုတ်ပြန်ချက်မှာ “ တိုက်စစ်မှူးအမ်ဘာပေ ဆေးရုံဆင်းလာပြီး အသင်းဆီ ပြန်လည်ရောက်ရှိလာပါပြီ။ အမ်ဘာပေကိုယ်တိုင်လည်း သီးခြားဆေးကုသမှုတွေ ဆက်လက်ခံယူရဖို့ရှိနေပြီး အသင်းရဲ့လုပ်ဆောင်ချက်တွေမှာ ပြန်လည်ပါဝင်နိုင်ဖို့ အဆင့်ဆင့်လုပ်ဆောင်သွားရပါလိမ့်မယ်”လို့ ဖော်ပြခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်အတွက် ဖလားလက်မဲ့စိတ်ပျက်စရာဘောလုံးရာသီတစ်ခုဖြစ်ခဲ့ပေမဲ့ အမ်ဘာပေကတော့ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၄၃ ဂိုးအထိ သွင်းယူပြီး ဥရောပရွှေဖိနပ်ဆုရှင် ဖြစ်လာခဲ့ပါတယ်။ သူက နေးရှင်းလိဂ်ပြိုင်ပွဲမှာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပြီးနောက် နည်းပြသစ်အလွန်ဆိုလက်အောက် ရီးရဲလ်မက်ဒရစ်အသင်းလေ့ကျင့်ရေးကွင်းဆီ ပြန်လည်ပူးပေါင်းခဲ့ပါတယ်။ ဒီနောက်မှာ အသင်းဖော်တွေနဲ့အတူ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အမေရိကန်နိုင်ငံဆီ ထွက်ခွာခဲ့ပါတယ်။ သူ့ကို အယ်လ်ဟီလယ်လ်နဲ့သရေကျတဲ့ ပွဲနေ့လူစာရင်းမှာ မထည့်သွင်းထားခဲ့ပါဘူး။
Source : espn.com