ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီကထက်ပိုကောင်းလာပြီလို့ အခိုင်အမာပြောကြားလာတဲ့ အာမိုရင်

ယူနိုက်တက်ဟာ ပိုကောင်းလာပြီလို့ ပြောကြားလာတဲ့ အာမိုရင်

ကြာသပတေးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ဒုတိယမြောက်ရာသီကြိုခြေစမ်းပွဲမှာ ဘုန်းမောက်ကို ၄-၁ နဲ့ဂိုးပြတ်အနိုင်ရပြီးနောက် မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းဟာ ပြီးခဲ့တဲ့ရာသီကထက် ပိုကောင်းလာပြီလို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။

ပွဲဦးထွက်ရာသီကြိုခြေစမ်းပွဲမှာလည်း ယူနိုက်တက်ဟာ ဝက်စ်ဟမ်းကို ၂-၁ နဲ့အနိုင်ရထားခဲ့တာကြောင့် ယခုအခါမှာ ၂ ပွဲဆက်နိုင်ပွဲဖော်ဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ နိုင်ပွဲဆက်နေပေမဲ့ အာမိုရင်ကတော့ အသင်းရဲ့ ရာသီကြိုပုံစံကောင်းကို ပရီးမီးယားလိဂ်မှာထိန်းသိမ်းဖို့တော့ ကြိုးစားသွားရဦးမယ်လို့ ပြောကြားခဲ့ပါတယ်။

ပေါ်တူဂီသားနည်းပြက “ကျွန်တော်တို့တိုးတက်နေပါပြီ။ ဒါပေမဲ့ ဒါတွေက ရာသီကြိုပွဲစဉ်တွေပဲရှိပါသေးတယ်။ ပရီးမီးယားလိဂ်မှာတော့ ဖိအားက ဒီထက်အများကြီးပိုပါတယ်။ ဘာပဲဖြစ်ဖြစ် အသင်းရဲ့ကစားပုံကပိုကောင်းလာပြီး ကစားသမားတွေအကြား ချိတ်ဆက်မှုတွေကလည်း တိုးတက်လာတာကို မြင်တွေ့နေရပါတယ်။ ကွင်းထဲမှာသာမဟုတ်ဘဲ ကွင်းပြင်ပမှာလည်း သူတို့ရဲ့ချိတ်ဆက်မှုက ပိုကောင်းလာပါတယ်”

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီကထက်ပိုကောင်းလာပြီလို့ အခိုင်အမာပြောကြားလာတဲ့ အာမိုရင်

“အရင်ကထက် ပိုပြီး သန်မာမြန်ဆန်လာပြီလို့လည်းထင်ပါတယ်။ ပြီးခဲ့တဲ့ရာသီကထက်စာရင်တော့ တိုးတက်မှုတွေအများကြီးမြင်တွေ့ထားရပါတယ်။ ကစားခွင့်ရတဲ့ကစားသမားတွေနဲ့ပတ်သက်ပြီးပြောချင်တာကတော့ တစ်ယောက်နဲ့တစ်ယောက် ကစားရချိန်တူညီဖို့တော့မရှိပါဘူး။ သူတို့ဒါကို နားလည်ဖို့တော့အရေးကြီးပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ဘုန်းမောက်နဲ့ပွဲစဉ်မှာ အာမိုရင်ဟာ ယူနိုက်တက်ရဲ့လူစာရင်းကို ပြောင်းလဲမှုကြီးကြီးမားမားပြုလုပ်ခဲ့ခြင်းမရှိဘဲ အသင်းအတွက်ဂိုးတွေကိုတော့ ရက်စ်မွတ်စ်ဟွိုက်လန်း၊ ပက်ထရစ်ဒေါ်ဂူ၊ အာမက်ဒီယာလိုနဲ့ လူငယ်ကြယ်ပွင့် အီသန်ဝီလီယမ်စ်တို့က သွင်းယူပေးခဲ့ကြပါတယ်။

ဆက်လက်ပြီး အာမိုရင်က “ဒီပွဲက ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ အာရုံစူးစိုက်မှုအပြည့်နဲ့ကစားနိုင်ခဲ့ပြီး ဂိုးရလိုစိတ်ပြင်းထန်မှု ကိုလည်း ဖော်ပြနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ပွဲကထက် ဘောလုံးပိုင်ဆိုင်မှုလည်း ပိုရခဲ့တယ်လို့ထင်ပါတယ်။ အသင်းအတွက် ကောင်းမွန်တဲ့စမ်းသပ်ချက်တစ်ခုပါပဲ” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။

လာမဲ့တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ အမေရိကန်မြေ နောက်ဆုံးရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်ပြိုင်ဘက် အဲဗာတန်ကို အတ္တလန္တာမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source : www.espn.co.uk

Leave a Reply

Your email address will not be published. Required fields are marked *