မက်ဆီအကြောင်း ပြန်လည်ဖွင့်ဟလာတဲ့ ဗာရက်တီ

မက်ဆီအကြောင်း ပြန်လည်ဖွင့်ဟလာတဲ့ ဗာရက်တီ

ပီအက်စ်ဂျီစတား ဗာရက်တီက သူနဲ့ နေမာတို့ မက်ဆီကို ဘာစီလိုနာကနေ ပီအက်စ်ဂျီထံပြောင်းလာအောင် ဘယ်လိုစည်းရုံးခဲ့လဲဆိုတာကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဗာရက်တီက သူရယ် ၊ နေမာရယ် ၊ ပါရီဒက်စ်ရယ် ၊ ဒီမာရီယာရယ် ၄ ယောက်ပေါင်းပြီး မက်ဆီကို အံ့ဖွယ်ညစာတစ်ခုဖန်တီးကာ စည်းရုံးခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။ အဆိုပါစည်းရုံးမှုအပြီးမှာ အာဂျင်တိုင်းဟာ အလျင်အမြန် ပီအက်စ်ဂျီအသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာနဲ့အဆင်မပြေဖြစ်ခဲ့ပြီးနောက် ၂၀၂၁ မှာ မက်ဆီဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပီအက်စ်ဂျီထံ ပြောင်းရွှေ့လာခဲ့ပါတယ်။ ပီအက်စ်ဂျီရောက်လာချိန်မှာ ပရိသတ်တော်တော်များများက အသင်းကိုအောင်မြင်မှုတွေယူဆောင်ပေးနိုင်မယ်လို့ မျှော်လင့်ခဲ့ပေမဲ့ ချန်ပီယံလိဂ်ဖလားရအောင် မစွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

မက်ဆီ

အီတလီသားက မက်ဆီကိုစည်းရုံးခဲ့ရတဲ့အဓိကအကြောင်းအရင်းကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဂါဇက်တာသတင်းဌာနနဲ့အင်တာဗျူးမှာ ဗာရက်တီက “အဲ့ညက လုံးဝအံ့ဖွယ်ညတစ်ညဖြစ်ခဲ့တယ်ဆိုတာကို သတိရပါတယ်။ ကျွန်တော်တို့ Ibiza မှာရှိနေခဲ့တာပါ။ နေမာက ကျွန်တော့်ဆီလာပြီး ဒီနေ့ညမှာ မက်ဆီကို ညစာစားဖို့ ဖိတ်ထားတယ်ဆိုတာ ပြောခဲ့ပါတယ်။

ဒါကြောင့် ကျွန်တော်ရယ် ၊ လီယိုရယ် ၊ ပါရီဒက်စ်ရယ် ၊ နေမာရယ် ၊ ဒီမာရီယာရယ် အတူတူရှိခဲ့ကြပါတယ်။ ကျွန်တော်တို့ စကားပြောခဲ့သလို အဆင်ပြေခဲ့ပါတယ်။ အဲ့နောက် မက်ဆီကို ပြင်သစ်မြေလာဖို့ စည်းရုံးခဲ့ပါတယ်။ အဲ့နေ့ညနေခင်းအပြီးမှာ နှုတ်ဆက်ခဲ့ကြပြီး နောက်တစ်နေ့မှာ မက်ဆီ နဲ့ ဘာစီလိုနာကြားမှာ ပြဿနာတွေရှိနေတယ်ဆိုတဲ့သတင်းကို ဖတ်ခဲ့ရပါတယ်။ အဲ့နောက် နောက်တစ်နေ့ နေ့လည်အစောပိုင်းမှာ နေမာက ကျွန်တော့်ကို ဖုန်းခေါ်ပြီး

“မာကို ၊ မက်ဆီငါတို့ဆီလာလိမ့်မယ်”ဆိုပြီး ပြောခဲ့ပါတယ်။ အဲ့နေ့ညနေခင်းက တကယ့်အံ့ဖွယ်ညနေခင်းဖြစ်ခဲ့တာပါ”လို့ ဗာရက်တီက ဖြေကြားခဲ့ပါတယ်။ မက်ဆီဟာ လက်ရှိအင်တာမိုင်ယာမီမှာကစားနေပြီး ၁၈ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ အခုအပတ်မှာ အင်တာမိုင်ယာမီဟာ Atlas အသင်းနဲ့ကစားရမှာဖြစ်ပါတယ်။

Source : https://telegrafi.com/

Leave a Reply

Your email address will not be published. Required fields are marked *