ဥရောပချန်ပီယံ ပီအက်စ်ဂျီကိုရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေကြောင်း မာရှေယာနိုပြော

မာရှေယာနို

အင်တာမီယာမီဟာ ကလပ်ကမ္ဘာ့ဖလားအုပ်စုအဆင့်နောက်ဆုံးပွဲစဉ်မှာ ပါမီးရက်စ်နဲ့ယှဉ်ပြိုင်ခဲ့ပြီး ၂ ဂိုးပြတ်ဦးဆောင်ထားရာမှာ ၂ ဂိုးပြန်လည်ခွင့်ပြုခဲ့ရတာကြောင့် သရေ ၁ မှတ်သာရရှိပြီး အုပ်စုဒုတိယနေရာနဲ့သာကျေနပ်ခဲ့ရပါတယ်။ ဒါကြောင့် မီယာမီဟာ ရှုံးထွက် ၁၆ သင်းအဆင့်မှာတော့ ချန်ပီယံလိဂ်ဖလားကို ပူပူနွေးနွေးဆွတ်ခူးထားတဲ့ ပီအက်စ်ဂျီနဲ့တွေ့ဆုံသွားတော့မှာဖြစ်ပေမဲ့ မာရှေယာနိုက သူ့ရဲ့အသင်းဟာ ဥရောပချန်ပီယံအသင်းနဲ့ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေကြောင်း ပြောကြားလာခဲ့ပါတယ်။

ပါမီးရက်စ်နဲ့သရေကျပြီးနောက် မာရှေယာနိုက “ကျွန်တော်တို့ဒီပွဲမှာနိုင်ဖို့ အခွင့်အရေးကောင်းရှိခဲ့ပေမဲ့ ကံမကောင်းစွာပဲ သရေနဲ့အဆုံးသတ်ခဲ့ပါတယ်။ နောက်ဆုံးအချိန်အထိ အသင်းရဲ့ကစားအားကို မထိန်းသိမ်းနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့အသင်းက ရှုံးထွက်အဆင့်နဲ့ထိုက်တန်တယ်ဆိုတာတော့ ပြသနိုင်ခဲ့ပါတယ်”

“ပြိုင်ပွဲမစခင်က ကျွန်တော်တို့အသင်းကို အောက်ခြေအသင်းတစ်သင်းအဖြစ် သတ်မှတ်ထားခဲ့ကြပါတယ်။ ဒါပေမဲ့ အသင်းရဲ့စည်းကမ်းလိုက်နာမှု၊ တိုက်ပွဲဝင်စိတ်ဓာတ်တွကြောင့် အခုတော့ ၁၆ သင်းအဆင့်ကိုရောက်လာခဲ့ပါပြီ။ ဒီပြိုင်ပွဲရဲ့အဆင့်အတန်းက ကျွန်တော်တို့ကစားနေကျ ပြည်တွင်းပြိုင်ပွဲတွေနဲ့ ခြားနားမှုရှိပါတယ်”

“အတွေ့အကြုံတွေအများကြီးရနိုင်တဲ့ပြိုင်ပွဲဖြစ်ပြီး အခုဆိုရင် ကျွန်တော်တို့ဥရောပချန်ပီယံအသင်းနဲ့ ကစားရပါတော့မယ်။ သူတို့နဲ့ယှဉ်ပြိုင်ဖို့ ကျွန်တော်တို့ အတော်လေးရုန်းကန်သွားရမှာဖြစ်ပေမဲ့ ၁၁ ယောက်၊ ၁၁ ယောက်ကစားမှာဖြစ်လို့ ကြောက်နေတာမျိုးတော့မရှိပါဘူး” လို့ပြောကြားခဲ့ပါတယ်။

မီယာမီကြယ်ပွင့် လီယွန်နယ်မက်ဆီအနေနဲ့လည်း ၂၀၂၁ မှ ၂၀၂၃ ခုနှစ်အတွင်းကစားခဲ့တဲ့ အသင်းဟောင်း ပီအက်စ်ဂျီကို ပြိုင်ဘက်အနေနဲ့ ပြန်လည်ရင်ဆိုင်သွားရမှာဖြစ်ပြီး အာဂျင်တီးနားသားဟာ ပီအက်စ်ဂျီနဲ့အတူ လီဂူးဝမ်းဆုဖလား ၂ ကြိမ်ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ မက်ဆီဟာ ပီအက်စ်ဂျီနဲ့အတူ ဆုဖလားတွေရယူနိုင်ခဲ့ပေမဲ့ ပြင်သစ်မှာနေထိုင်ရတာကို ပျော်ရွှင်ခဲ့ခြင်းမရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဘာစီလိုနာဂန္ထဝင်က “ကျွန်တော် ပီအက်စ်ဂျီမှာ ၂ နှစ်ကစားခဲ့ပေမဲ့ မပျော်ခဲ့ပါဘူး။ နေ့စဉ်ပုံမှန်အလုပ်တွေမှာရော၊ လေ့ကျင့်ရေးအစီအစဉ်တွေနဲ့ ပွဲတွေကစားခဲ့တာတွေရော ဘာတစ်ခုမှမပျော်ခဲ့ပါဘူး။ အဲဒီမှာအသားကျဖို့ အတော်လေးခက်ခဲခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

အင်တာမီယာမီနောက်ခံလူ ဂျော်ဒီအယ်လ်ဘာကလည်း ပီအက်စ်ဂျီကိုအနိုင်ရဖို့မျှော်လင့်ထားကြောင်း “ကျွန်တော်တို့ ဒီပွဲမှာ နိုင်သင့်ပေမဲ့ မနိုင်ခဲ့ပါဘူး။ ဒီလိုပွဲမျိုးတွေက ရှောင်လွှဲလို့မရတဲ့အခြေအနေတွေဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဒီပွဲကအမှားတွေကိုတော့ ထပ်မဖြစ်အောင်ရှောင်နိုင်ဖို့လိုပါတယ်။ အသင်းအတွက်ဂုဏ်ယူပါတယ်။ အခုတော့ ၁၆ သင်းအဆင့်ကိုအာရုံစိုက်ရမှာဖြစ်ပြီး ဥရောပရဲ့အကောင်းဆုံးအသင်းနဲ့ ရင်ဆိုင်သွားရပါမယ်။ အနိုင်ရလဒ်ကိုပုံဖော်နိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

အင်တာမီယာမီနဲ့ ပီအက်စ်ဂျီတို့ဟာ ရှုံးထွက် ၁၆ သင်းအဆင့်ပွဲစဉ်ကို လာမဲ့တနင်္လာနေ့ အတ္တလန္တာရှိ မာစီးဒီးစ်ဘန့်ဇ်အားကစားကွင်းမှာ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ကွာတားဖိုင်နယ်ကို ဘယ်အသင်းကတက်ရောက်သွားနိုင်မလဲ စောင့်ကြည့်ရပါမယ်။

Source : goal.com

Leave a Reply

Your email address will not be published. Required fields are marked *