အင်တာမီယာမီနည်းပြ ဂျာဗီယာမာရှေယာနိုက အသင်းရဲ့စူပါစတားတိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ဒဏ်ရာပြဿနာ မသက်သာသေးတာကြောင့် ပူးမက်စ်နဲ့ယှဉ်ပြိုင်သွားရမဲ့ လိဂ်ဖလားပွဲစဉ်ကို လွဲချော်သွားမယ်လို့ အတည်ပြုပြောကြားလာခဲ့ပါတယ်။
မက်ဆီဟာ နီကာဇာကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရခဲ့တဲ့ လိဂ်ဖလားပွဲစဉ်မှာ ဒဏ်ရာပြဿနာကြုံတွေ့ခဲ့တာဖြစ်ပြီး ပွဲအစ ၁၁ မိနစ်မှာပဲ လူစားလဲခံခဲ့ရပါတယ်။ ယခုအခါမှာ ပူးမက်စ်နဲ့ပွဲစဉ်ကိုလွဲချော်သွားမယ်ဆိုပေမဲ့ အာဂျင်တီးနားသားရဲ့ဒဏ်ရာက မပြင်းထန်တာကြောင့် မကြာမီမှာပဲ အသင်းအတွက်ပြန်ကစားနိုင်မယ်လို့ မာရှေယာနိုကဆိုပါတယ်။
ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မာရှေယာနိုက “ကျွန်တော်သူနဲ့မနေ့က စကားပြောဖြစ်ပါတယ်။ သူ့ရဲ့ဒဏ်ရာက အသေးစားလေးပါ။ သတင်းဆိုးတွေထွက်နေပေမဲ့ တကယ်တော့ ဒဏ်ရာက ပြန်ကောင်းနေပါပြီ။ သူ့ကို ကျွန်တော်တို့အမြဲတမ်းကစားစေချင်ပါတယ်။ ဒါပေမဲ့ စွန့်စားမှုတော့မယူချင်ပါဘူး။ သူ့ရဲ့ ဒဏ်ရာပြန်ကောင်းနိုင်စွမ်းကလည်း အတော်လေးမြန်ပါတယ်။ ကျွန်တော်တို့သူ့ကို နေ့တိုင်းအကဲဖြတ်သွားမှာပါ။ မနက်ဖြန် ပူးမက်စ်နဲ့ပွဲမှာတော့ သူကစားနိုင်မှာမဟုတ်ပါဘူး။ အသင်းရဲ့ဆေးအဖွဲ့က သူ့ကိုဘယ်ချိန်ပြန်ကစားခွင့်ပေးမလဲ ကျွန်တော်တို့စောင့်ကြည့်ရမှာပါ” လို့ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်မှာ မီယာမီဟာ လိဂ်ဖလားပြိုင်ပွဲအုပ်စုအတွင်း ရမှတ် ၅ မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နေပြီး နောက်ထပ် ၁ ပွဲနိုင်ပါက နောက်တစ်ဆင့်သို့ သေချာပေါက်တက်လှမ်းသွားနိုင်မှာဖြစ်ပါတယ်။ မက်ဆီဟာ အသေးစားကြွက်သားဒဏ်ရာသာရရှိခဲ့တာဖြစ်လို့ လာမဲ့တနင်္ဂနွေနေ့ အော်လန်ဒိုနဲ့ယှဉ်ပြိုင်သွားရမယ့် မေဂျာလိဂ်ပွဲစဉ်မှာ ပြန်လည်ပါဝင်ကစားနိုင်ဖွယ်ရှိတယ်လို့သိရပါတယ်။
ဆက်လက်ပြီး မာရှေယာနိုက အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မဲ့ ကွင်းလယ်လူ ဆာဂျီယိုဘက်စ်ကွက်စ်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီးတော့လည်း “ကျွန်တော်ကတော့ သူအသင်းမှာဆက်နေမယ်လို့ မျှော်လင့်ပါတယ်။ သူရှိနေရင် အသင်းကပိုကောင်းမှာသေချာပါတယ်။ သူ့ကိုကမ်းလှမ်းထားတဲ့အသင်းတွေရှိတယ်လို့ကြားပေမဲ့ သူနဲ့ကလပ်အကြားက ကိစ္စတွေကို ကျွန်တော်မသိပါဘူး” လို့ပြောကြားခဲ့ပါတယ်။ စပိန်လက်ရွေးစင်ကွင်းလယ်လူဟောင်းဟာ လာမယ့်ဒီဇင်ဘာလမှာပဲ အင်တာမီယာမီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။
အင်တာမီယာမီနဲ့ထိပ်တိုက်တွေ့ဆုံသွားမဲ့ ပူးမက်စ်အနေနဲ့လည်း အသင်းရဲ့ဂိုးသမား နာဗက်စ်ဒဏ်ရာရနေတာကြောင့် အဆိုပါပွဲစဉ်မှာ ထည့်သွင်းနိုင်မှာမဟုတ်ဘူးလို့သိရပါတယ်။ ရီးရဲလ်မက်ဒရစ်ဂိုးသမားဟောင်းဟာ အတ္တလန္တာကို ၃-၂ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ပွဲမပြီးခင်မှာပဲ လူစားလဲခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် ဘောလုံးပရိသတ်တွေအနေနဲ့ မီယာမီနဲ့ ပူးမက်စ်တို့ယှဉ်ပြိုင်သွားရမဲ့ပွဲစဉ်မှာ ကမ္ဘာ့ဘောလုံးအကျော်အမော် ၂ ဦးရဲ့ အားပြိုင်မှုကို မြင်တွေ့သွားရတော့မှာမဟုတ်ပါဘူး။
Source : goal.com