အိုးထရက်ဖို့ဒ်နိုင်ပွဲအပြီး အာဆင်နယ်ကြယ်ပွင့်တွေကို စိတ်ကြီးမဝင်ကြဖို့ သတိပေးလိုက်တဲ့ အာတီတာ

အာဆင်နယ်ကြယ်ပွင့်တွေကို စိတ်ကြီးမဝင်ကြဖို့ သတိပေးလိုက်တဲ့ အာတီတာ

၂၀၂၅-၂၀၂၆ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အပေါ် ၁-၀ ဂိုးဖြင့် အနိုင်ယူနိုင်မဲ့အခွင့်အရေးကို အာဆင်နယ်နည်းပြအာတီတာ လက်လွှတ်မခံခဲ့ပါဘူး။ အခုရလဒ်ကိုပိုင်ဆိုင်နိုင်ဖို့ ဂန်းနားတွေအတွက် အိုးထရက်ဖို့ဒ်ကွင်းနောက်ဆုံးမိနစ်တွေမှာ ဂိုးသမားရာယာရဲ့အံ့မခန်းလက်စွမ်းနဲ့အတူ ခံစစ်ကို နက်နက်ရှိုင်းရှိုင်းပိတ်ဆို့ကစားရန် လိုအပ်ခဲ့ပါတယ်။

ယူနိုက်တက်ဂိုးသမားဘာယင်ဒါရဲ့ ပေးဆပ်မှုကြီးမားလှတဲ့အမှားတစ်ခုကြောင့် ပွဲချိန် ၁၃ မိနစ်မှာပဲ ဧည့်သည်တွေအတွက် အဖွင့်ဂိုးကို ကာလာဖီအိုရီက သွင်းယူခဲ့ပါတယ်။ ပွဲချိန်နှောင်းပိုင်းမိနစ်တွေအထိ အာတီတာရဲ့ခံစစ်ပိုင်းအစီအမံက အလုပ်ဖြစ်ခဲ့ပြီးနောက် အရေးပါလှတဲ့ အနိုင်သုံးမှတ်နဲ့အတူ အာဆင်နယ်တို့ မြောက်လန်ဒန်အရပ်ဆီ ပြန်လာနိုင်ခဲ့ပါတယ်။

အခုပွဲစဉ်အတွင်း ယူနိုက်တက်ရဲ့ဂိုးပေါက်တည့်ကန်ချက် ခုနစ်ကြိမ်နဲ့နှိုင်းယှဉ်လိုက်မယ်ဆိုရင် အာဆင်နယ်ရဲ့ ဂိုးပေါက်တည့်ကန်ချက်သုံးကြိမ်က သိသိသာသာနည်းပါးနေလို့ ဒါကခေတ်ဟောင်းဂန်းနားတွေရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်နဲ့တော့ အတော်လေးခြားနားနေပါတယ်။ ပွဲပြီးဆုံးချိန်မှာလည်း ဟာလန်းရဲ့ပြောစကားတွေကို ပြန်သတိရနေဖွယ်ရှိတဲ့ အာတီတာက သူ့ရဲ့အကဲဖြတ်မှုကို လက်တွေ့ကျကျပြုလုပ်သွားခဲ့ပါတယ်။

BBC Sport မှတဆင့် စပိန်သားနည်းပြက “ကျွန်တော့်ကစားသမားတွေရဲ့မျက်နှာကို ကြည့်ဖြစ်ခဲ့ပါတယ်။ သူတို့တွေ ဒီထက်ပိုပြီး လိုချင်နေပုံပါပဲ။ ကျွန်တော်တို့ကိုယ်တိုင်လည်း ဒီနေ့မှာ ကျွန်တော်တို့ကစားခဲ့တဲ့ အခိုက်အတန့်အချို့ထက် ပိုကောင်းအောင် ကစားနိုင်တယ်ဆိုတာကို သိပါတယ်။ အာဆင်နယ်ဆီ ကျွန်တော် မရောက်ရှိလာခင် အိုးထရက်ဖို့ဒ်မှာ ကျွန်တော်တို့အသင်း အနိုင်မရရှိတာ ၁၈ နှစ်၊ နှစ် ၂၀ လောက်ရှိပြီလို့ ထင်ပါတယ်။ ဒါပေမဲ့ အခု ကျွန်တော်တို့ရောက်ရှိလာချိန်မှာတော့ အကြိမ်ပေါင်းများစွာ အနိုင်ယူခဲ့ပြီးပါပြီ။ ဒါတောင် ကျွန်တော်တို့ စိတ်ကျေနပ်မှု မရရှိသေးပါဘူး။

ကစားသမားသစ်တွေပါဝင်တဲ့ ယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ သွားရောက်ယှဉ်ပြိုင်ရချိန် အခုလိုရလဒ်မျိုး ပိုင်ဆိုင်တာက တန်ဖိုးကြီးမားလွန်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သွင်းယူခဲ့တဲ့ဂိုး၊ ကျွန်တော်တို့ အနိုင်ရရှိခဲ့တဲ့ပုံစံနဲ့ ဒီနေ့မှာလုပ်ခဲ့တဲ့အရာတွေအတွက် စိတ်ကြီးမဝင်နေဖို့ လိုအပ်ပါတယ်”လို့ ပြောပါတယ်။

အခုနိုင်ပွဲနဲ့အတူ အာဆင်နယ်နည်းပြအဖြစ် စပိန်သားက သရဲနီတွေနဲ့ရင်ဆိုင်ရတဲ့ ပရီးမီးယားလိဂ် ၁၂ ပွဲမှာ ရှစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ နှစ်ပွဲသာရှုံးနိမ့်တဲ့ မှတ်တမ်းကို ပိုင်ဆိုင်သွားပါတယ်။

အာဆင်နယ်ကိုရှုံးတဲ့ မန်ယူ

Source : https://sports.yahoo.com

Leave a Reply

Your email address will not be published. Required fields are marked *