ယခု ၂၀၂၅ ခုနှစ်အတွက် အကောင်းဆုံးဂိုးသမားဆုကို ဆွတ်ခူးရရှိပြီးနောက် မန်ချက်စတာစီးတီးဂိုးသမားသစ် ဒွန်နာရမ်မာက အသင်းဟောင်းပီအက်စ်ဂျီနဲ့ မန်စီးတီးတို့ကို ကျေးဇူးတင်ကြောင်း ပြောကြားလာခဲ့ပါတယ်။
အီတလီလက်ရွေးစင်ဂိုးသမားဟာ အကောင်းဆုံးဂိုးသမားဆုကိုဆွတ်ခူးနိုင်ခဲ့ရုံမက ယခုနှစ် ဘောလွန်းဒီအော်ဆုအတွက်လည်း ရေပန်းစားခဲ့ပြီး ဆုရဖို့အလားအလာရှိတဲ့ ထိပ်ဆုံးကစားသမား ၃၀ ထဲမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒွန်နာရမ်မာဟာ ၂၀၂၀ ယူရိုဖလားဆွတ်ခူးပြီး ၂၀၂၁ တစ်နှစ်တာအကောင်းဆုံးဂိုးသမားဆုကို ဆွတ်ခူးခဲ့ဖူးတာကြောင့် ယခုအခါမှာတော့ အဆိုပါဆုကို ၂ ကြိမ်အထိ ဆွတ်ခူးထားနိုင်ပြီလည်းဖြစ်ပါတယ်။
အီတလီဂိုးသမားဟောင်း ဘူဖွန်ထံမှ ဆုတံဆိပ်ကိုလက်ခံရယူပြီးနောက် ဒွန်နာရမ်မာက “ဒီဆုကို ဆွတ်ခူးနိုင်လို့ အရမ်းဂုဏ်ယူပါတယ်။ ပြီးခဲ့တဲ့ရာသီက ကျွန်တော့်ရဲ့စွမ်းဆောင်ရည်အတွက်လည်း ကျေနပ်မိပါတယ်။ မယုံနိုင်စရာရလဒ်တွေ ဖန်တီးနိုင်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့အသင်းဖော်ဟောင်းတွေကို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ကျွန်တော်ဒီနေရာကိုရောက်လာတာ သူတို့ကြောင့်ပါပဲ” လို့ပြောကြားခဲ့ပါတယ်။
ဒွန်နာရမ်မာဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလ နောက်ဆုံးနေ့ရက်မှာ ပီအက်စ်ဂျီမှ မန်စီးတီးသို့ ယူရို ၂၇ သန်းနဲ့ အပြီးသတ်ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီး အီတလီသားက “ကျွန်တော့်ရဲ့ လက်ရှိအသင်းသစ်မှာ ပုံစံကောင်းပြဖို့ အာရုံစိုက်နေပါတယ်။ မန်စီးတီးကိုလည်း ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ဒီအသင်းမှာ ရည်ရွယ်ချက်တွေအများကြီးရှိပါတယ်။ အားလုံးကို ပြည့်မြောက်အောင်ကြိုးစားပြီး ဆုဖလားတွေဆွတ်ခူးသွားဖို့ ရည်ရွယ်ထားပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ဒွန်နာရမ်မာဟာ ဘောလွန်းဒီအော်ဆုအတွက် ရေပန်းစားတဲ့စာရင်းမှာ ထိပ်ဆုံး ၁၀ ဦးအထိ ပါဝင်ခဲ့တာဖြစ်ပြီး စီးရီးအေကြယ်ပွင့်တွေဖြစ်တဲ့ စကော့မက်တိုမီနေး၊ လော်တာရိုမာတီနက်ဇ်နဲ့ ဒန်ဇယ်လ်ဒမ်ဖရီးစ်တို့ကတော့ ထိပ်ဆုံး ၂၅ ဦးစာရင်းမှာ ပါဝင်ခဲ့ကြပါတယ်။
Source : https://ca.sports.yahoo.com