အာဆင်နယ်အသင်းမှာ ဆက်ရှိမလားဆိုတဲ့အပေါ် အာတီတာရဲ့ ရင်ဖွင့်စကား

အာဆင်နယ်အသင်းမှာ ဆက်ရှိမလားဆိုတဲ့အပေါ် အာတီတာရဲ့ ရင်ဖွင့်စကား

အာဆင်နယ်နည်းပြ မီခေးအာတီတာက လက်ရှိ ၁၈ လ ကျန်ရှိနေသေးတဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက်ပိုင်းမှာလည်း အသင်းမှာ ဆက်ရှိနေနိုင်တယ်လို့ မျှော်မှန်းထားပေမဲ့ စာချုပ်သစ်ရရှိဖို့အတွက်တော့ သူ့အနေနဲ့ “ထိုက်တန်အောင် ကြိုးစားရမယ်” လို့ ပြောကြားလိုက်ပါတယ်။

ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အာဆင်နယ်အသင်းဟာ စနေနေ့မှာ အဲဗာတန်အသင်းနဲ့ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အဲဒီနေ့ဟာ အာတီတာအတွက် အသင်းကို ကိုင်တွယ်ခဲ့တဲ့ ၆ နှစ်ပြည့် နှစ်ပတ်လည်နေ့လည်း ဖြစ်ပါတယ်။

အသက် ၄၃ နှစ်အရွယ် နည်းပြဟာ အမ်းမရိတ်စ်ကွင်းမှာ ကြီးမားတဲ့ ယဉ်ကျေးမှုဆိုင်ရာ အပြောင်းအလဲတွေကို ပြုလုပ်ခဲ့ပြီး အသင်းကို အလယ်အလတ်အဆင့်ကနေ ပုံမှန်ချန်ပီယံဆုစိန်ခေါ်နိုင်တဲ့ အသင်းတစ်သင်းအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။ ၂၀၂၇ နွေရာသီမှာ စာချုပ်ကုန်ဆုံးမဲ့ အာတီတာကို သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းခဲ့ကြပါတယ်။

၁၈ လ စာချုပ်သက်တမ်းကျော်လွန်တဲ့အထိ နေသွားနိုင်မလားလို့ မေးမြန်းတဲ့အခါ အာတီတာက “နေနိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်က အရေးကြီးသလို နောက်ထပ်နေခွင့်ရဖို့ဆိုတာ လာမဲ့လတွေမှာ ဖြစ်ပျက်လာမဲ့ အရာတွေအပေါ် မူတည်ပြီး ထိုက်တန်အောင် လုပ်ပြရမှာပါ” လို့ ဖြေကြားခဲ့ပါတယ်။

ဆက်လက်ပြီး သူက “နည်းပြတစ်ယောက်အနေနဲ့ မနက်ဖြန်မှာ ဒီနေရာမှာ ဆက်ရှိနေဖို့ ထိုက်တန်အောင် လုပ်ရပါတယ်။ ဒါက အခြေအနေတွေအပေါ် ဘယ်လိုတုံ့ပြန်မလဲ၊ အဝတ်လဲခန်းထဲမှာ ဘယ်လိုပြောဆိုဆက်ဆံမလဲ၊ ကစားသမားတွေက ကိုယ့်နောက်ကို ဘယ်လောက်လိုက်ပါမလဲ၊ ဘယ်လိုသတင်းစကားမျိုးပေးမလဲ ဆိုတဲ့ အချက်တွေအပေါ် မူတည်ပါတယ်။ ပိုင်ရှင်တွေနဲ့ ဘုတ်အဖွဲ့ရဲ့ ထောက်ပံ့မှုလိုအပ်တယ်ဆိုတာ ကျွန်တော် အမြဲပြောခဲ့ဖူးပါတယ်။ အဲဒါကလည်း ကောင်းမွန်ပါတယ်။ ဒါပေမဲ့ အဆုံးသတ်မှာ အရေးအကြီးဆုံးက ကစားသမားတွေပါပဲ။ တံခါးဖွင့်ပြီး သူတို့နဲ့ ရင်ဆိုင်ရမယ်၊ စကားပြောရမယ်လေ” လို့ ဆိုပါတယ်။

“၆ နှစ်တာကာလအတွင်းမှာ ကစားသမားတွေရဲ့ အာရုံစိုက်မှု၊ သင်ယူလိုစိတ်နဲ့ အသင်းအတွက် အကောင်းဆုံးပေးဆပ်လိုစိတ်တွေကို ကျွန်တော် မြင်တွေ့ခဲ့ရပါတယ်။ အဲဒါကပဲ ကျွန်တော့်ကို ဒီအလုပ်မှာ ဆက်ရှိနေစေတာပါ။ တခြားအရာတွေ မဟုတ်ပါဘူး။ ပြီးတော့ နိုင်ပွဲရာခိုင်နှုန်း များပြားတာကလည်း အကြောင်းရင်းတစ်ခုပေါ့။ ဒါက တစ်ခုတည်းသော နည်းလမ်းပါပဲ။ ဒါတွေမရှိရင် ဒီလောကမှာ ရပ်တည်နိုင်မှာ မဟုတ်ပါဘူး” လို့ အာတီတာက ရှင်းပြပါတယ်။

ဘူကာယိုဆာကာလိုမျိုး ၁၈ လပဲ စာချုပ်ကျန်တော့တဲ့ ကစားသမားတွေက သူတို့ရဲ့ စာချုပ်ကိစ္စမတိုင်မီ နည်းပြရဲ့အနာဂတ်ကို မေးမြန်းလာရင် အာမခံချက်ပေးနိုင်မှာ မဟုတ်ဘူးလို့လည်း အာတီတာက ဝန်ခံခဲ့ပါတယ်။

“ကစားသမားတွေက မေးကြပါတယ်။ ဒါပေမဲ့ ကျွန်တော် သူတို့ကို လိမ်ပြောလို့ မရပါဘူး။ ကျွန်တော်လည်း မသိပါဘူး။ ဒါက ကျွန်တော့်အပေါ်မှာပဲ မူတည်တဲ့ကိစ္စ မဟုတ်လို့ပါ” လို့ သူက ဆိုပါတယ်။

“ဒီမှာ တကယ်ပျော်ရဲ့လား၊ အသင်းကို ဆက်လက်ဦးဆောင်ဖို့ စွမ်းအင်တွေရှိသေးလားလို့ မေးရင် ရှိပါတယ်၊ ရာနှုန်းပြည့် ရှိပါတယ်။ ဒါပေမဲ့ ဒါက ကျွန်တော်တစ်ယောက်တည်းအပေါ် မူတည်တာ မဟုတ်ပါဘူး” လို့ အာတီတာက ပြောပါတယ်။

အာတီတာဟာ ၂၀၁၉ ဆောင်းရာသီမှာ အသင်းကို စတင်တာဝန်ယူပြီး ၆ လအကြာမှာပဲ FA ဖလားကို ရယူပေးနိုင်ခဲ့ပေမဲ့ ပရီးမီးယားလိဂ်မှာတော့ လွဲချော်မှုတွေရှိခဲ့ပြီး ပြီးခဲ့တဲ့ ၃ ရာသီဆက်တိုက် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဆုဖလားကြီးတွေ မရရှိသေးတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ အာတီတာက “ဟုတ်ပါတယ်။ ကျွန်တော်တို့ ရမှတ်တွေနဲ့ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်တွေအရ ဆုဖလားနဲ့ အရမ်းနီးစပ်နေပါပြီ” လို့ ဝန်ခံပါတယ်။

“စွမ်းဆောင်ရည်တွေနဲ့ စံချိန်တွေကို ကြည့်မယ်ဆိုရင် ကလပ်အသင်းသမိုင်းတစ်လျှောက် မရှိခဲ့ဖူးတဲ့ အနေအထားမျိုး ရောက်နေပေမဲ့ ဆုဖလားတော့ မရသေးပါဘူး။ ဒါပေမဲ့ ပရီးမီးယားလိဂ်မှာ တစ်ခါမှမကြုံဖူးတဲ့ အဆင့်အတန်းတစ်ခုကို ကျွန်တော်တို့ ရောက်နေပါပြီ။ ပိုမြင့်မားတဲ့ ရည်မှန်းချက်တွေကို လိုချင်ပါတယ်။ အဲဒါကို လုပ်နိုင်ရင်တော့ ကျွန်တော်တို့ နိုင်ပွဲတွေရယူဖို့ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ ထင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Source : https://metro.co.uk/

Leave a Reply

Your email address will not be published. Required fields are marked *