ဝက်စ်ဟမ်းနှင့်ပွဲတွင် ပွဲပြီးခါနီးသွင်းဂိုးဖြင့် မန်ယူနိုက်တက် အဖိုးတန်သရေတစ်မှတ်ရရှိ

ဝက်စ်ဟမ်း ၁-၁ မန်ယူ - ဆက်စကို၏ နောက်ဆုံးမိနစ်သွင်းဂိုး

မန်ယူနိုက်တက်အသင်းဟာ ဝက်စ်ဟမ်းယူနိုက်တက်နဲ့ ကစားခဲ့တဲ့ပွဲမှာ ပွဲပြီးခါနီးမှ ချေပဂိုးပြန်သွင်းနိုင်ခဲ့လို့ အရှက်ရဖွယ်ရှုံးနိမ့်မှုကနေ သီသီလေးလွတ်မြောက်သွားခဲ့ပါတယ်။ မိုက်ကယ် ကာရစ်ရဲ့ အသင်းဟာ ဒီပွဲမှာ ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ ရုန်းကန်ခဲ့ရတာပါ။

၄ ပွဲဆက်တိုက် အနိုင်ရထားတဲ့ မန်ယူနိုက်တက်ဟာ လန်ဒန်ခရီးစဉ်မှာတော့ အရင်ကခြေစွမ်းမျိုး ပျောက်ဆုံးနေပြီး တိုက်စစ်ဆင်နိုင်စွမ်းနည်းပါးကာ အားမပါတဲ့ ကစားဟန်ကိုသာ ပြသနိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ပွဲပြီးခါနီး အပိုအချိန်မှာ ဘန်ဂျမင် ဆက်စကိုက အကောင်းဆုံး အဆုံးသတ်ပေးနိုင်ခဲ့လို့ အဝေးကွင်းမှာ သရေတစ်မှတ် ခွဲယူနိုင်ခဲ့တာပါ။

ပွဲအစပိုင်းမှာတင် မန်ယူနိုက်တက်တို့ တိုက်စစ်ဆင်ခဲ့ပြီး မားသီးယပ်စ် ကူးညာရဲ့ ဖန်တီးပေးပို့မှု လွဲချော်ခဲ့ပေမဲ့ ဝက်စ်ဟမ်းခံစစ်ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဝက်စ်ဟမ်းဘက်ကလည်း ပြန်လည်တိုက်စစ်ဆင်ခဲ့ပြီး ဂျရော့ဒ် ဘိုဝင် ဂိုးသွင်းဖို့ ကြိုးစားတာကို ဟာရီ မက်ဂွိုင်းယားက ဖျက်ထုတ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၁၃ မိနစ်မှာ အိမ်ရှင်ဝက်စ်ဟမ်းတို့ ဂိုးရလုနီးပါးဖြစ်ခဲ့ပြီး ခရစ်ဆန်စီယို ဆမ်မာဗေးလ်ရဲ့ ကန်ချက်ကို ဂိုးသမား ဆန်နီ လမ်းမန်းစ်က လက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့ပါတယ်။

၂၂ မိနစ်မှာတော့ လုခ် ရှောရဲ့ ကန်ချက်ကို အသင်းဖော်ဟောင်း အာရွန် ဝမ်-ဘစ်ဆာကာက ဂိုးစည်းပေါ်ကနေ ဖျက်ထုတ်ခဲ့လို့ မန်ယူနိုက်တက်တို့ ဂိုးမရခဲ့ပါဘူး။ ပထမပိုင်းပြီးခါနီးမှာ လုခ် ရှောရဲ့ ဖန်တီးမှုကနေ အာမတ် ထောင်ဖြတ်ကန်ခဲ့ပေမဲ့ ဂိုးပိုက်ဘေးကိုသာ ထိမှန်ခဲ့ပါတယ်။

ဒုတိယပိုင်း အစ ၄ မိနစ်မှာတင် ဝက်စ်ဟမ်းတို့ ဦးဆောင်ဂိုးရသွားပါတယ်။ ဘိုဝင်ရဲ့ ပေးပို့မှုကနေ သောမတ်စ် ဆူးချက်က အနီးကပ် ပိတ်သွင်းသွားခဲ့တာပါ။ ဒါဟာ လုခ် ရှောနဲ့ လီဆန်ဒရို မာတီးနက်စ်တို့ရဲ့ ခံစစ်အမှားကြောင့် ပေးလိုက်ရတဲ့ ဂိုးလည်း ဖြစ်ပါတယ်။ ၅၇ မိနစ်မှာ ဒီယေဂို ဒါလော့စ်က ဆမ်မာဗေးလ်ကို ဖျက်ထုတ်ပုံကြမ်းလို့ အဝါကတ်ပြသခံခဲ့ရပါတယ်။ ၆၂ မိနစ်မှာတော့ ကိုဘီ မိန်းနူးရဲ့ ပေးပို့မှုကနေ ကတ်စီမီရိုက ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ VAR ကြည့်ရှုပြီးနောက် လူကျွံနေတဲ့အတွက် ဂိုးအဖြစ် မသတ်မှတ်ခဲ့ပါဘူး။

ပွဲချိန် ၂၃ မိနစ်အလိုမှာ ကာရစ်က ကူးညာနဲ့ မက်ဂွိုင်းယားတို့အစား ဆက်စကိုနဲ့ လန်နီ ယိုရိုတို့ကို လူစားလဲထည့်ခဲ့ပါတယ်။ ၈၂ မိနစ်မှာတော့ တိုက်စစ်အားမြှင့်ဖို့ ဒါလော့စ်အစား ဂျော့ရှုအာ ဇက်ဇီးကို ထည့်သွင်းခဲ့ပါတယ်။ ပွဲပြီးခါနီး အပိုအချိန် ၇ မိနစ်မှာ မန်ယူနိုက်တက်တို့ ချေပဂိုးရဖို့ အသည်းအသန် ကြိုးစားခဲ့ပါတယ်။

နောက်ဆုံးမိနစ်မှာတော့ ဘန်ဂျမင် ဆက်စကိုက အမ်ဘီယူမိုရဲ့ ဖြတ်တင်ဘောကို အကောင်းဆုံး ထိန်းကျောင်းပြီး ဂိုးထောင့်ထဲကို ကန်သွင်းကာ အသင်းကို အရှက်ရဖွယ် ရှုံးနိမ့်မှုကနေ ကယ်တင်ပေးခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ၁-၁ နဲ့ သရေကျခဲ့ပြီး မိုက်ကယ် ကာရစ်အနေနဲ့ သူ့အသင်းရဲ့ လိုအပ်ချက်တွေကို ပြန်လည်သုံးသပ်ဖို့ လိုအပ်နေပြီဆိုတာ သိသာစေခဲ့ပါတယ်။

Source : https://thepeoplesperson.com

Leave a Reply

Your email address will not be published. Required fields are marked *