မန်ချက်စတာစီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပက်ဂွါဒီယိုလာက ပြီးခဲ့တဲ့ ကြားရက် ဖူလ်ဟမ်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပထမပိုင်းအပြီးမှာတင် လူစားလဲခြင်းခံခဲ့ရတဲ့ အဓိကတိုက်စစ်မှူး အာလင်ဟာလန်းရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ် ရှင်းလင်းပြောကြားလာပါတယ်။
နော်ဝေတိုက်စစ်မှူး ဟာလန်းဟာ အဆိုပါပွဲစဉ်မှာ အသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပေမဲ့ နာကျင်မှုတချို့ ခံစားနေရတာကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဒုတိယပိုင်းမှာ ဆက်လက်ကစားစေခြင်း မရှိတော့တာဖြစ်တယ်လို့ ဂွါဒီယိုလာက ဆိုပါတယ်။
လာမဲ့စနေနေ့မှာ ကစားရမယ့် လိဂ်တူးကလပ် ဆဲလ်ဖို့ဒ်စီးတီးနဲ့ အက်ဖ်အေဖလား ပွဲစဉ်မတိုင်ခင် ဟာလန်းရဲ့ ကြံ့ခိုင်မှုနဲ့ ပတ်သက်ပြီး ဂွါဒီယိုလာက “သူ့အနေနဲ့ အခုအချိန်မှာ ၁၀၀ ရာခိုင်နှုန်း အဆင်မပြေသေးပေမဲ့ ဒီနေ့မှာ ဘယ်လိုခံစားရမလဲဆိုတာကို ထပ်မံစောင့်ကြည့်ရဦးမှာပါ။ ဆရာဝန်တွေရဲ့ ပြောကြားချက်အရတော့ ဒဏ်ရာက ပြင်းထန်တဲ့အမျိုးအစား မဟုတ်ပါဘူး။ ပွဲကစားနေစဉ်မှာ အဆင်မပြေမှုလေးတွေ ရှိနေတာကြောင့် ဒုတိယပိုင်းမှာ အနားပေးခဲ့တာပါ။ ဆဲလ်ဖို့ဒ်နဲ့ပွဲမှာ သူပါဝင်နိုင်မလားဆိုတာကိုတော့ ဒီနေ့ လေ့ကျင့်ရေးအပြီးမှာ ဆုံးဖြတ်သွားမှာပါ” လို့ အတည်ပြုပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အင်္ဂလန်နောက်ခံလူ ဂျွန်စတုန်းစ်ရဲ့ အခြေအနေနဲ့ ပတ်သက်လို့လည်း ဂွါဒီယိုလာက ထည့်သွင်းပြောကြားခဲ့ပါတယ်။ စတုန်းစ်ဟာ ပေါင်ဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရပြီး ဖူလ်ဟမ်နဲ့ပွဲမှာ လူစာရင်းထဲ ပြန်လည်ပါဝင်လာခဲ့ပေမဲ့ ကစားခွင့်တော့ မရရှိခဲ့ပါဘူး။
“မနက်ဖြန်ပွဲမှာ သူကစားဖြစ်မလား၊ ဘယ်နှစ်မိနစ်လောက် ကစားမလဲဆိုတာ စောင့်ကြည့်ရပါမယ်။ ပြီးခဲ့တဲ့ရာသီက သူ့အတွက် တော်တော်လေး ခက်ခဲခဲ့ပါတယ်။ အခုတော့ သူလေ့ကျင့်ခန်း နှစ်ကြိမ်၊ သုံးကြိမ်လောက် ပြန်ဆင်းနိုင်နေပြီဖြစ်လို့ အခြေအနေကောင်းပါတယ်” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
နောက်ဆုံးအနေနဲ့ ဂွါဒီယိုလာက အသင်းရဲ့ ကျပ်ညပ်လွန်းတဲ့ ပွဲစဉ်ဇယားကြောင့် ကစားသမားတွေ စိတ်ရောလူပါ ပင်ပန်းနွမ်းနယ်နေမှုကိုလည်း ညည်းတွားခဲ့ပါတယ်။ မန်စီးတီးဟာ ဒီနှစ်စကတည်းက ၁၃ ပွဲအထိ ဆက်တိုက်ကစားခဲ့ရတာဖြစ်လို့ ဆဲလ်ဖို့ဒ်နဲ့ပွဲအပြီးမှာရရှိမဲ့ ရက်သတ္တပတ်ရှည် နားရက်ကို အသင်းအနေနဲ့ အလွန်အမင်း လိုအပ်နေပြီဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။
Source : https://www.manchestereveningnews.co.uk/




