ဘင်ဖီကာအသင်းရဲ့ နည်းပြဖြစ်သူ ဟိုဆေးမော်ရင်ဟိုဟာ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရမဲ့ အလွန်အရေးကြီးတဲ့ ချန်ပီယံလိဂ် ရှုံးထွက်ပလေးအော့ဖ် ပွဲစဉ်မတိုင်ခင်မှာပဲ ပြိုင်ဘက်အသင်းအပေါ် စိတ်ဓာတ်ရေးရာအရ အသာစီးရဖို့ စစ်ကြေညာလိုက်ပါတယ်။
ပေါ်တူဂီသား နည်းပြကြီးဟာ ဒီပွဲမှာ ဘာတွေဖြစ်လာနိုင်သလဲဆိုတာကို သူ့ရဲ့ ဝါရင့်အတွေ့အကြုံတွေအရ ကောင်းကောင်းကြီး ကြိုတင်တွက်ဆထားပုံရပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ အုပ်စုအဆင့် တွေ့ဆုံမှုတုန်းက ဘင်ဖီကာအသင်းဟာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူထားနိုင်ခဲ့တဲ့အတွက် အဲ့ဒီရလဒ်က နှစ်သင်းလုံးရဲ့ စိတ်ထဲမှာ ခုထိ စွဲထင်နေဆဲ ဖြစ်ပါတယ်။
ဥရောပရဲ့ ဘုရင်လို့ တင်စားရတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ အခုလိုရှုံးနိမ့်မှုမျိုးကို အလွယ်တကူ မေ့ပျောက်တတ်တဲ့အသင်း မဟုတ်တာကိုလည်း မော်ရင်ဟိုက ကောင်းကောင်းကြီး သိထားပါတယ်။ ဒါကြောင့်လည်း ပြိုင်ဘက်ဆီက ဘယ်လိုတုံ့ပြန်မှုမျိုး လာမလဲဆိုတာကို သူက အထူးသတိထား စောင့်ကြည့်နေတာပါ။ ပထမအကျော့ ပွဲစဉ်ကိုတော့ ဘင်ဖီကာရဲ့ အိမ်ကွင်းမှာပဲ လက်ခံကစားသွားရမှာဖြစ်ပြီး ဥရောပရဲ့အတွေ့အကြုံရင့် ကလပ်အသင်းကြီးနှစ်သင်း အဆင့်အတန်းမြင့်မြင့် ဘယ်လိုပုံစံနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ကြဦးမလဲဆိုတာက တစ်ကမ္ဘာလုံးက စောင့်ကြည့်နေရတဲ့ ပွဲတစ်ပွဲဖြစ်လာပါတယ်။
ဘင်ဖီကာအသင်းဘက်ကလည်း ပွဲမစခင်ကတည်းက သူတို့ရဲ့တရားဝင်လူမှုကွန်ရက် စာမျက်နှာတွေကနေတစ်ဆင့် ပရိသတ်တွေကို ပွဲကြိုလှုံ့ဆော်မှုတွေ အရှိန်အဟုန်နဲ့ စတင်ပြုလုပ်နေပါတယ်။ လစ္စဘွန်းမြို့ရဲ့ Estadio da Luz ကွင်းကြီးကို ရီးရဲလ်မက်ဒရစ်အသင်းအတွက် ငရဲခန်းတစ်ခုလို ကြောက်စရာကောင်းတဲ့နေရာ ဖြစ်လာစေဖို့နဲ့ ဧည့်သည်အသင်းအပေါ် စိတ်ပိုင်းဆိုင်ရာ ဖိအားပေးနိုင်ဖို့အတွက် ပြင်းထန်တဲ့ အငွေ့အသက်တွေကို ဖန်တီးနေတာလည်း ဖြစ်ပါတယ်။
ပေါ်တူဂီလိဂ်မှာ ဆန်တာကလာရာကို အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာတော့ မော်ရင်ဟိုက ရီးရဲလ်နဲ့ပွဲအကြောင်းကို အခုလို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
“ဒါဟာ တကယ်ကို ခက်ခဲတဲ့ စမ်းသပ်မှုတစ်ခု ဖြစ်လာမှာပါ။ ကျွန်တော်တို့ ပထမအကျော့ပဲ ကစားရဦးမှာဖြစ်လို့ တစ်ပွဲတည်းနဲ့ အဖြေထွက်မယ်လို့တော့ မထင်ပါနဲ့။ ကျွန်တော်ကတော့ ဒီလိုဖိအားမျိုးတွေနဲ့ အသားကျနေပါပြီ။ ဒါတွေက ကျွန်တော့်ဘဝတစ်လျှောက်လုံး လုပ်လာခဲ့တဲ့ အရာတွေပါ။ လူတွေက ပထမအကျော့မှာ ရလဒ်ကောင်းဖို့ လိုတယ်ဆိုပေမဲ့ ကျွန်တော်ကတော့ ဘာမှအတည်ပြုလို့ မရသေးဘူးလို့ပဲ ပြောချင်ပါတယ်။ ကျွန်တော်တို့ဘက်ကတော့ အတွေ့အကြုံ၊ ရည်မှန်းချက်နဲ့ ယုံကြည်မှုအပြည့်နဲ့ ကစားသွားမှာပါ။ ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ်ရဲ့ ဘုရင်တွေဆိုတာ အားလုံးသိပါတယ်။ အခုချိန်မှာ သူတို့က ဒဏ်ရာရနေတယ်။ ဒါပေမဲ့ မှတ်ထားရမှာက ဒဏ်ရာရနေတဲ့ ဘုရင်တစ်ပါးဟာ ပုံမှန်ထက်ပိုပြီး အန္တရာယ်များပါတယ်” လို့ သတိပေးစကား ဆိုသွားခဲ့ပါတယ်။
Source : https://www.sportsmole.co.uk/




