ဗီနီစီးယပ်စ်ကို လူမျိုးရေးခွဲခြားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ဘင်ဖီကာကစားသမား ပရက်စတီယားနီး တစ်ပွဲ ပွဲပယ်ခံရ

ပရက်စတီယားနီး တစ်ပွဲ ပွဲပယ်ခံရ

ဘင်ဖီကာအသင်းရဲ့ တောင်ပံကစားသမား ဂျန်လူကာ ပရက်စတီယားနီးဟာ ပြီးခဲ့တဲ့အပတ် ချန်ပီယံလိဂ်ပွဲစဉ်အတွင်း ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ဗီနီစီးယပ်စ်ကို လူမျိုးရေးခွဲခြားစော်ကားခဲ့တယ်လို့ တိုင်ကြားခံရပြီးနောက် ယာယီအားဖြင့် တစ်ပွဲပွဲပယ်ပြစ်ဒဏ် ချမှတ်ခံလိုက်ရပါတယ်။ ဒါကြောင့် အာဂျင်တီးနားတောင်ပံကစားသမားလေးဟာ လာမဲ့ဗုဒ္ဓဟူးနေ့ ည (မြန်မာစံတော်ချိန် ကြာသပတေးနေ့မနက် ၂:၃၀) မက်ဒရစ်မှာကစားမဲ့ ဒုတိယအကျော့ပွဲစဉ်ကို လွဲချော်တော့မှာဖြစ်ပါတယ်။

ယူအီးအက်ဖ်အေ (UEFA) က စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေ အပြည့်အဝမပြီးခင်အထိ ဒီပွဲပယ်ပြစ်ဒဏ်ကို ယာယီသတ်မှတ်ထားတာပါ။ စုံစမ်းစစ်ဆေးမှုတွေပြီးသွားရင်တော့ နောက်ထပ်အရေးယူမှုတွေ ထပ်ရှိလာနိုင်တယ်လို့လည်း ဥရောပဘောလုံးအဖွဲ့ချုပ်က ပြောထားပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့ လစ္စဘွန်းမှာကစားခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက်ပလေးအော့ဖ် ပထမအကျော့ပွဲစဉ်အတွင်း ပရက်စတီယားနီးက သူ့ကို လူမျိုးရေးခွဲခြားခဲ့တယ်လို့ ဗီနီစီးယပ်စ်က ကွင်းလယ်ဒိုင် ဖရန်ဆွာ လက်တက်ဆီယားကို တိုင်ကြားခဲ့တာပါ။

ပရက်စတီယားနီးကတော့ ဘရာဇီးလ်ကစားသမားကို လူမျိုးရေးခွဲခြားခဲ့တာမရှိဘူးလို့ ငြင်းဆိုထားသလို ဘင်ဖီကာအသင်းဘက်ကလည်း ဒီပြစ်ဒဏ်ကို အယူခံဝင်သွားမှာပါ။ ဒါပေမဲ့ ဗုဒ္ဓဟူးနေ့ပွဲမတိုင်ခင်တော့ ဒီဆုံးဖြတ်ချက်က အပြောင်းအလဲရှိဖို့ ခဲယဉ်းနိုင်ပါတယ်။ ပြီးခဲ့တဲ့ ပထမအကျော့ပွဲစဉ် ဒုတိယပိုင်းမှာ ဗီနီစီးယပ်စ်က ဒိုင်လူကြီးကို အဖြစ်အပျက်နဲ့ပတ်သက်ပြီး အသိပေးခဲ့ပြီးတဲ့နောက် ကစားသမားတွေ ကွင်းထဲက ခေတ္တထွက်သွားခဲ့ကြလို့ ပွဲကို ၁၀ မိနစ်လောက် ရပ်နားခဲ့ရပါသေးတယ်။

အသက် ၂၅ နှစ်အရွယ် ဗီနီစီးယပ်စ်ဟာ လှပတဲ့ဂိုးတစ်ဂိုးသွင်းအပြီးမှာ ဘင်ဖီကာပရိသတ်တွေရှေ့ အောင်ပွဲခံခဲ့လို့ အဝါကဒ်ပြခံခဲ့ရပြီးနောက် ဒီပြဿနာ စတင်ခဲ့တာပါ။ ဘင်ဖီကာနည်းပြ ဟိုဆေး မော်ရင်ညိုကတော့ ဗီနီစီးယပ်စ်ရဲ့ အောင်ပွဲခံပုံက မလေးမစားလုပ်တာလို့ ပြောခဲ့တာကြောင့် ဝေဖန်ခံနေရပါတယ်။ မော်ရင်ညိုကိုယ်တိုင်လည်း အဲ့ဒီပွဲမှာ အနီကတ်ပြခံခဲ့ရလို့ ဒုတိယအကျော့မှာ အသင်းကို ကိုင်တွယ်ခွင့်ရမှာမဟုတ်သလို ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာလည်း ပါဝင်မှာမဟုတ်ပါဘူး။ သူ့အစား လက်ထောက်နည်းပြ ဂျိုအာအို ထရာလ်ဟို ကပဲ တာဝန်ယူသွားမှာပါ။

ယူအီးအက်ဖ်အေရဲ့ ဆုံးဖြတ်ချက်အရ စုံစမ်းစစ်ဆေးမှုတွေ မပြီးသေးပေမဲ့ လက်ဝယ်ရှိထားတဲ့ အထောက်အထားတွေအရ ချိုးဖောက်မှုရှိတယ်လို့ ယူဆနိုင်တဲ့အတွက် အခုလို ယာယီပွဲပယ်လိုက်တာလို့ ဆိုပါတယ်။ ဘင်ဖီကာအသင်းဘက်ကတော့ စုံစမ်းစစ်ဆေးနေတုန်းကာလမှာ ကစားသမားကို အသုံးပြုခွင့်မရတာဟာ စိတ်ပျက်စရာကောင်းတယ်လို့ တုံ့ပြန်ထားပါတယ်။

ဒါပေမဲ့ ဘင်ဖီကာအသင်းဟာ လူမျိုးရေးခွဲခြားမှုကို အစဉ်တစိုက်ဆန့်ကျင်တဲ့အသင်းဖြစ်ပြီး အီးယူဆေဘီယို လို ဂန္ထဝင်ကစားသမားတွေရဲ့ သမိုင်းကြောင်းနဲ့အတူ လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေးကို အလေးထားလုပ်ဆောင်နေတယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

Source : https://www.bbc.com/

Leave a Reply

Your email address will not be published. Required fields are marked *