ခရစ်စတိုဖာ ဒူဂါရီကတော့ ပွင့်ပွင့်လင်းလင်း ပြောတတ်သူပီပီ “Rothen s’enflamme” အစီအစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ လူစာရင်းတည်ဆောက်ပုံကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ သူက ဘာပေအပေါ် မတရား ဝေဖန်နေကြတာတွေကို ကာကွယ်ပေးခဲ့သလို လက်ရှိ ရီးရဲလ်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ ကစားသမားတချို့ဟာ ဒီအသင်းနဲ့ ထိုက်တန်တဲ့ အရည်အချင်းရှိရဲ့လားဆိုတာကိုပါ မေးခွန်းထုတ်ခဲ့ပါတယ်။
“စပိန်လူမျိုးတွေ သူ့ကို မလိုချင်တော့ဘူးဆိုရင် ပြန်ပို့လိုက်ပါ“
ရီးရဲလ်ရဲ့ အဆင်မပြေမှုတွေဟာ ဘာပေကြောင့်ပဲဆိုတဲ့ ပြောဆိုချက်တွေအပေါ် ဒူဂါရီက အံ့သြမိကြောင်း ပြောပါတယ်။
“တစ်ချိန်ချိန်မှာတော့ ဘာပေရဲ့ ပြဿနာတွေကို ပုံကြီးချဲ့နေတာကို ရပ်တန့်ဖို့ လိုပါတယ်။ စပိန်လူမျိုးတွေ သူ့ကို မလိုချင်တော့ဘူးဆိုရင် ပြန်ပို့လိုက်ရုံပါပဲ။ သူ တခြားအသင်းကို ပြောင်းသွားပြီး တစ်ယောက်ယောက်ကို ပျော်ရွှင်အောင် လုပ်ပေးနိုင်ပါလိမ့်မယ်။ အမှန်အတိုင်းပြောရရင် ရီးရဲလ်မှာ ရီးရဲလ်ကစားသမားမဟုတ်တဲ့သူတွေ အများကြီး ရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူတို့က အမွှမ်းတင်ခံထားရတာပါ။ ကျွန်တော်ကိုယ်တိုင်လည်း ကလပ်အသင်းကြီးတွေမှာ ကစားခဲ့ဖူးပါတယ်။ ဘာစီလိုနာမှာတုန်းက ကျွန်တော် ပွဲထွက်ခွင့်သိပ်မရခဲ့တာဟာ အကြောင်းပြချက် ရှိလို့ပါ” လို့ သူက ဆိုပါတယ်။
“သူတို့က အရည်အချင်း မမီကြဘူး“
ဒူဂါရီက ယေဘုယျဆန်ဆန် ဝေဖန်တာမျိုးတင်မဟုတ်ဘဲ နာမည်တွေကိုပါ ထုတ်ပြောခဲ့ပါတယ်။
“ဒီလို ကလပ်အသင်းတွေဟာ အကောင်းဆုံး ကြယ်ပွင့်တွေကိုပဲ လိုချင်ကြတာပါ။ ဒါပေမဲ့ အသင်းမှာ အရည်အချင်း မမီတဲ့ ကစားသမားတွေ ရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကာမာဗင်ဂါ၊ ဂူလာ၊ ဗယ်ဗာဒီ၊ ချူအာမေနီ တို့ကို ကျွန်တော် မြင်ယောင်နေမိတယ်။ အဆန်စီယို ဆိုရင်လည်း ဒဏ်ရာရသူတွေ များလို့သာ ပွဲထွက်ခွင့် ရလာတာပါ။ သူက ကစားသမားကောင်း တစ်ယောက် ဖြစ်နိုင်ပေမဲ့ ရီးရဲလ်ရဲ့ ဗဟိုခံစစ်မှူး ဖြစ်ဖို့တော့ မမီသေးပါဘူး။ အလာဘာ ဆိုရင်လည်း ဒဏ်ရာတွေကြောင့် ၃ လနေမှ ၁ ပတ်လောက်ပဲ ကစားနိုင်တာ၊ သူလည်း အဲ့ဒီအဆင့်မှာ မရှိတော့ပါဘူး” လို့ ဝေဖန်ခဲ့ပါတယ်။
ကစားသမား ခေါ်ယူမှုနဲ့ စံနှုန်းများ
ရီးရဲလ်ရဲ့ မကြာသေးမီက ကစားသမား ခေါ်ယူမှုပုံစံကိုလည်း သူက မေးခွန်းထုတ်ခဲ့ပါတယ်။ ဘဏ္ဍာရေး အခြေအနေကြောင့် စာချုပ်ကုန်ခါနီး ကစားသမားတွေကိုပဲ ခေါ်ယူနေတာဟာ အသင်းရဲ့စံနှုန်းကို လျော့ကျစေတယ်လို့ သူက ယူဆနေပါတယ်။
“ဒီလို အသင်းမျိုးမှာ ကစားမယ်ဆိုရင် ရာသီတစ်ခုလုံးမှာ သင်ဟာ ကစားသမားကောင်း တစ်ယောက်ဖြစ်ကြောင်း သက်သေပြရမယ်၊ အသင်းကို ဦးဆောင်နိုင်ရမယ်၊ အဆုံးအဖြတ်ပေးနိုင်ရမယ်။ ဒါဟာ လိဂ်ပွဲစဉ်တွေနဲ့ ရီးရဲလ်မက်ဒရစ်တို့ကြားက ကွာခြားချက်ပါပဲ” လို့ ဒူဂါရီက ပြောကြားခဲ့ပါတယ်။
Source : https://www.managingmadrid.com/




