အာဆင်နယ်ကြယ်ပွင့် ယောကရက်စ် အပေါ် အမြင်မှားခဲ့ကြောင်း ဂျေမီ ကာရေဂါ ဝန်ခံ

ယောကရက်စ် အပေါ်အမြင်မှားခဲ့ကြောင်း ဂျေမီကာရေဂါ ဝန်ခံ

အာဆင်နယ်ကြယ်ပွင့် ယောကရက်စ်ကြောင့် ပရီးမီးယားလိဂ်ဖလား လက်လွှတ်ရနိုင်တယ်လို့ ပြောခဲ့ဖူးတဲ့ ဂျေမီ ကာရေဂါက အခုတော့ သူမှားသွားပြီဖြစ်ကြောင်း ဝန်ခံလိုက်ပြီး အာတီတာရဲ့ ယုံကြည်မှုကို ယောကရက်စ်က ပြန်လည်ပေးဆပ်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။ လီဗာပူးဂန္ထဝင် ကာရေဂါဟာ အာဆင်နယ်တိုက်စစ်မှူး ဗစ်တာ ယောကရက်စ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ အရင်ကဝေဖန်မှုတွေကို ပြန်လည်ရုပ်သိမ်းလိုက်တာပါ။

ယောကရက်စ်ဟာ ပြီးခဲ့တဲ့နွေရာသီက စပို့တင်း လစ္စဘွန်းကနေ ပေါင် ၆၄ သန်းဝန်းကျင်နဲ့ အာဆင်နယ်ကို ရောက်ရှိလာတာဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက အာဆင်နယ်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ပစ်မှတ် ဘင်ဂျမင် ဆက်စကို အစား သူ့ကိုရွေးချယ်ခဲ့တာပါ။

ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူးဟာ စပို့တင်း လစ္စဘွန်းအတွက် ၁၀၂ ပွဲမှာ ၉၇ ဂိုးအထိ သွင်းယူပေးခဲ့ပေမဲ့ အာဆင်နယ်လို အသင်းကြီးဆီ ပြောင်းလာချိန်မှာတော့ ဝေဖန်မှုတချို့နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ယောကရက်စ်ဟာ ပွဲကြီးပွဲကောင်းတချို့မှာ ခြေစွမ်းမပြနိုင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့အပတ်က စပါးနဲ့ပွဲမှာ ၂ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ၂၀၂၅/၂၆ ရာသီမှာ သူ့ရဲ့ သွင်းဂိုးအရေအတွက်ဟာ ၁၅ ဂိုးအထိ ရှိလာခဲ့ပါပြီ။

အရင်တုန်းကတော့ ကာရေဂါဟာ ယောကရက်စ်ကို ဂါဘရီယယ် ဂျေဆူးနဲ့ ကိုင် ဟားဗတ်စ်တို့ရဲ့ နောက်မှာပဲ ရှိသင့်တယ်လို့ ယူဆခဲ့တာပါ။

“ကျွန်တော်က ဂျေဆူးကို အရမ်းကြိုက်တာပါ။ သူက ဂိုးသွင်းတာ သိပ်မသေချာပေမဲ့ အရမ်းတော်တဲ့ ဘောလုံးသမားတစ်ယောက်ပါ။ အာဆင်နယ်မှာ ဂျေဆူးလို ကစားသမားမျိုး ရှိနေချိန်မှာ ယောကရက်စ်ကို ပွဲထွက်လူစာရင်းမှာ သုံးနေတာက အားနည်းချက်တစ်ခုလို့တောင် ကျွန်တော်ထင်ခဲ့မိတယ်” လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ကာရေဂါက ပြောခဲ့ပါတယ်။

သူက ဆက်ပြီး “အာဆင်နယ်ရဲ့ တိုက်စစ်မှူးနေရာမှာ ဟားဗတ်စ် ဒါမှမဟုတ် ဂျေဆူးက ယောကရက်စ်ထက် ပိုကောင်းပါတယ်။ ယောကရက်စ်က တကယ်ကို ကြိုးစားအားထုတ်မှု ရှိသလို အဲဗာတန်နဲ့ပွဲမှာ ပင်နယ်တီ ကန်သွင်းပုံကိုလည်း ကျွန်တော် သဘောကျပါတယ်။ ဒါပေမဲ့ သူ့မှာ လိုအပ်တဲ့ ပါးနပ်မှုနဲ့ အရည်အသွေးမျိုး မရှိသေးဘူးလို့ ထင်မိတယ်။ မန်စီးတီးမှာ ဟာလန်း ရှိနေတာကို မမေ့ပါနဲ့။ ဒါကြောင့် အာဆင်နယ်အနေနဲ့ ယောကရက်စ်ထက် ပိုကောင်းတဲ့သူကို ရှာသင့်တယ်” လို့လည်း ဆိုခဲ့ပါသေးတယ်။

ဒါပေမဲ့ အခုတော့ ကာရေဂါက ယောကရက်စ်နဲ့ ပတ်သက်ပြီး သူမှားသွားပြီလို့ ဝန်ခံလိုက်ပါတယ်။ “ဗစ်တာ ယောကရက်စ်ဆီမှာ ကျွန်တော်အကြိုက်ဆုံးက သူ့ရဲ့စိတ်ဓာတ်ပိုင်းပါ။ သူက ကမ္ဘာ့အဆင့်မီ တိုက်စစ်မှူးကြီးလား၊ နောက် ၅ နှစ် ၁၀ နှစ်အထိ အာဆင်နယ်ကို ထမ်းတင်ပေးမယ့်သူလား ဆိုတာတော့ ကျွန်တော်မသိဘူး။ ဒါပေမဲ့ သူ့ရဲ့ စိတ်ဓာတ်ကိုတော့ တကယ်သဘောကျမိတယ်” လို့ ကာရေဂါက Sky Sports ကို ပြောပါတယ်။

“သူ့မှာ ယုံကြည်မှု အပြည့်ရှိတယ်။ ဘောလုံးရတာနဲ့ ဂိုးထဲကန်သွင်းဖို့ပဲ ကြည့်တာ။ အဲ့ဒါက အလန် ရှီးယားရဲ့ စိတ်ဓာတ်မျိုးပါပဲ။ ဂယ်ရီ နဗီးလ် ပြောသလိုပဲ အာဆင်နယ်ဝတ်စုံနဲ့ ယောကရက်စ်ရဲ့ အကောင်းဆုံးခြေစွမ်းကို ကျွန်တော်တို့ မြင်လိုက်ရတာပါ။ သူ့ရဲ့ ဂိုးသွင်းယူပုံက တကယ်ကို အံ့သြဖို့ ကောင်းပါတယ်” လို့ ဆိုပါတယ်။

“သူက အသင်းအတွက် အရေးပါတဲ့သူ ဖြစ်လာနိုင်ပါတယ်။ ဒီနေရာမှာ နည်းပြကိုလည်း ချီးကျူးရပါမယ်။ အစကတော့ ယောကရက်စ်ကို ချန်ထားသင့်ပြီး သူကအသင်းကိုဒုက္ခပေးနိုင်တယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ နည်းပြက သူ့ကို အပတ်တိုင်း ယုံယုံကြည်ကြည် ထည့်သွင်းကစားခဲ့တယ်။ ယောကရက်စ်ကလည်း အာဆင်နယ်အတွက် အရေးကြီးဆုံးပွဲမှာ ခြေစွမ်းပြပြီး နည်းပြရဲ့ ယုံကြည်မှုကို ပြန်ပေးဆပ်သွားခဲ့ပါပြီ” လို့ ကာရေဂါက ပြောကြားသွားပါတယ်။

Source : https://www.football365.com/

Leave a Reply

Your email address will not be published. Required fields are marked *