မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားဟာ ၂၀၂၀ ပြည့်နှစ်က ဂရိနိုင်ငံ မိုင်ကိုးနို့စ်ကျွန်းမှာ ဖြစ်ပွားခဲ့တဲ့ အမှုနဲ့ပတ်သက်ပြီး အမှုကိုဖျောက်ပစ်ဖို့ ရဲတွေကို ပေါင် ၅၀,၀၀၀ လာဘ်ထိုးဖို့ ကမ်းလှမ်းချက်ကို ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ သူ့ကို အာဏာပိုင်တွေကို ခုခံမှု၊ လာဘ်ထိုးဖို့ ကြိုးစားမှုတွေနဲ့ ထောင်ဒဏ် ၁၅ လ ဆိုင်းငံ့ပြစ်ဒဏ် ချမှတ်ထားပါတယ်။
မက်ဂွိုင်းယားကတော့ ဒီစီရင်ချက်ဟာ ရှုပ်ထွေးပွေလီလွန်းပြီး သူဟာ လုံးဝအပြစ်မရှိကြောင်း၊ အမှန်တရားအတွက် ဂရိတရားရုံးချုပ်အထိ ဆက်တက်သွားမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။ အဆိုပါဖြစ်ရပ်တုန်းက မက်ဂွိုင်းယားရဲ့ ညီမဖြစ်သူဟာ အမျိုးအမည်မသိ ဆေးဝါးနဲ့ အဆိပ်ခတ်ခံခဲ့ရလို့ ဆေးရုံပို့ဖို့ ကြိုးစားစဉ်မှာ အရပ်ဝတ်ရဲတွေရဲ့ ဝိုင်းဝန်းရိုက်နှက်ခြင်းကို ခံခဲ့ရတာလို့ သူ့ရဲ့ရှေ့နေတွေက ဆိုပါတယ်။
ရဲတွေဘက်ကတော့ ပေါင် ၅၀,၀၀၀ ပေးရင် အမှုကို အပြင်မှာတင်ဖြေရှင်းပေးမယ်လို့ အကြိမ်ကြိမ်ကမ်းလှမ်းခဲ့ပေမဲ့ မက်ဂွိုင်းယားကတော့ လုံးဝ လက်မခံခဲ့တာပါ။ သူက “ကျွန်တော် အမှားမလုပ်ထားတဲ့အတွက် ဘယ်သူ့ကိုမှ တောင်းပန်စရာမလိုဘူး။ လာဘ်ထိုးပြီး အမှုပိတ်တာထက် အပြစ်ရှိတယ်လို့ အပြောခံရတာက ပိုကောင်းတယ်” လို့ ဆိုပါတယ်။ လောလောဆယ်မှာတော့ မက်ဂွိုင်းယားဟာ ယူနိုက်တက်ပွဲစဉ်တွေအပြင် ၂၀၂၆ ကမ္ဘာ့ဖလား အင်္ဂလန်လူစာရင်းမှာ ပါဝင်နိုင်ဖို့ကိုပဲ အာရုံစိုက်နေပါတယ်။
Source : https://www.goal.com/




